Home / ပဲခူးမြို့နယ် / ပဲခူးမြို့တွင် လယ်ယာထွက်ကုန်အရည်အသွေးနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဆွေးနွေးပွဲကျင်းပပြုလုပ်

ပဲခူးမြို့တွင် လယ်ယာထွက်ကုန်အရည်အသွေးနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဆွေးနွေးပွဲကျင်းပပြုလုပ်

စက်တင်ဘာ ၈ (ပဲခူး)
==========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက် ရှင်စောပုခန်းမတွင် လယ်ယာထွက်ကုန်အရည်အသွေးနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးဦးလှမြင့်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ဆွေးနွေးပွဲအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဈေးကွက်အကြောင်းကိုလည်းကောင်း၊ Win rock Int; မှဦးသက်ထွန်းအောင်က ပဲပုပ်မျိုးစေ့ထုတ်လုပ်ခြင်း တောင်သူအစုအဖွဲ့အကြောင်းကိုလည်းကောင်း၊ ရတနာဧရာအဖွဲ့မှ ဦးသူရအောင်က စပါးမျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်း တောင်သူအစုအဖွဲ့အကြောင်းကိုလည်းကောင်း၊ Network Activity Group(NAG)က မကွေးတိုင်းဒေသကြီး တောင်သူအစုအဖွဲ့အစည်းဆောင်ရွက်မှုနှင့် အောင်မြင်မှုအခြေအနေများအားလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက်သမဝါမယဦးစီးဌာန(နေပြည်တော်)မှ သမဝါယမအသင်းများ ဖွဲ့စည်းရေးအတွက်အခြေခံလိုအပ်ချက်များကိုရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများနှင့် တောင်သူများက အုပ်စုများခွဲ၍ အသင်းဖွဲ့စည်းရေးဆိုင်ရာ လက်တွေ့သရုပ်ပြလုပ်ဆောင်ကြကာ သရုပ်ပြလုပ်ဆောင်ခြင်း၏ ရလာဒ်များအားပြန်လည်ရှင်းလင်းတင်ပြကြသည်။
ပဲခူးတိုင်းဒေသကြီးတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ပေါ်ထွန်းလာရေး၊ စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝဖူလုံရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် ဆောင်ရွက်လျှက်ရှိပြီး စပါးနှင့် ပဲမျိုးစုံကို အဓိကစိုက်ပျိုးထုတ်လုပ်ကာ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံနှင့် ဟင်းသီးဟင်းရွက်သစ်သီးဝလံများကို ဆဒသအလိုက် စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိသည်။ အဆိုပါဒေသအလိုက်ဖြစ်ထွန်းသည့် သီးနှံများကိုရှာဖွေပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုမှသည် နိုင်ငံတကာ ဈေးကွက်ဝင်နိုင်သည်အထိ သီးနှံအစုအဖွဲ့များဖွဲ့စည်း၍ အရည်အသွေးမီ လယ်ယာထုတ်ကုန်ထုတ်လုပ်ခြင်း၊ ဈေးကွက်ရှာဖွေခြင်းများအား တောင်သူလယ်သမား တစ်ဦးချင်းစီဆောင်ရွက်နေခြင်းထက် တောင်သူလယ်သမား/ စိုက်ပျိုးသူများကိုယ်တိုင် ဦးဆောင်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲအား သီးနှံစိုက်ပျိုးထုတ်လုပ်သူတောင်သူအစုအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် အခြေခံလိုအပ်ချက်များအား ဖော်ထုတ်ရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မျိုးစေ့ထုတ်လုပ်နေသော တောင်သူအစုအဖွဲ့များ၏ အတွေ့အကြုံများအားမျှဝေရန်၊ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူများအားမျှဝေပေးစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ဖိုရမ်ဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ တောင်သူလယ်သမားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။