Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီး၂၀၁၈ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၂၀၁၈ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

စက်တင်ဘာ ၉ (ပဲခူး)
======================

ပဲခူးတိုင်းဒေသကြီး ကြပ်ခြေနီကြီးကြပ်မှုကော်မတီမှဦးဆောင်၍ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ မြို့တော်ခန်းမတွင် ၂၀၁၈ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ဂုဏ်ပြုဆုများချီးမြှင့်ခြင်းအခမ်းအနားကျင်းပလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက စွမ်းရည်ပြည့်ဝသည့် အမျိုးသားကြက်ခြေနီအသင်းကြီးအဖြစ် ဝင့်ထည်စွာရပ်တည်နိုင်ရန် ဘေးဒုက္ခကျရောက်လွယ်သူများအတွက် အချိန်အခါမရွေး ပူးပေါင်းဆောင်ရွက်သည့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ဖို့အတွက် ကြက်ခြေနီအသင်းကြီးမှ မဟာဗျူဟာစီမံကိန်းချမှတ်ဆောင်ရွက်နေကြောင်း၊ လူတိုင်းလူတိုင်းရှေးဦးပြုစုခြင်းပညာရပ် တတ်မြောက်ရမည်ဟူသော ရပ်ရွာလူထုကြံ့ကြံ့ခံနိုင်ရေးဆိုသည့်ရည်မှန်းချက်သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ နိုင်ငံအကျိုး ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ကျန်းမာချမ်းသာဘေးကင်းစွာဖြင့် ကူညီဆောင်ရွက်ပေးနိုင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်ကောင်းဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမြသူထံမှ ပေးပို့သောသဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးငွေရှိန်က ဖတ်ကြားသည်။
ထို့နောက် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ တပ်ဖွဲ့ဆိုင်ရာ ကျင့်ဝတ်(၅၀)နှင့် အထွေထွေဗဟုသုတ ရေးဖြေပြိုင်ပွဲတွင်ဆုရရှိသူများ၊ ၂၀၁၇ခုနှစ် ပဲခူးတိုင်းကိုယ်စားပြု ထူးချွန်ကြက်ခြေနီများ၊ ၂၀၁၇နှင့်၂၀၁၈နှစ်တွင် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောက်ရှောင့်မှုလုပ်ငန်းများတွင် သွားရောက်ဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်များ၊ ၂၀၁၈ခုနှစ် ဇူလိုင်လနှင့်သြဂုတ်လတွင် ပဲခူးတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများတွင် ကယ်ဆယ်ရေး၊ ကျန်းမာရေးစောက်ရှောင့်မှုနှင့် ပံ့ပိုးမှုများ ပေးအပ်ခဲ့သော မြို့နယ်အသင်းခွဲများနှင့် ကြပ်ခြေနီတပ်ဖွဲ့ဝင်များ၊ (၁၁၅)မိုင် အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသော ကြက်ခြေနီစေတနာ လုပ်အားရှင်များအား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် တက်ရောက်လာသူများက ကြက်ခြေနီလှုပ်ရှားမှု ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဌာနဆိုင်ရာများ၊ တိုင်း၊ခရိုင်၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တပ်ဖွဲ့မှုးများနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။