Home / ရေတာရှည်မြို့နယ် / ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ပြိုလဲ/ပျက်စီးနေအိမ်များအတွက် နေအိမ်အသစ် ဆောက်လုပ်နိုင်ရေးစီစဉ်ဆောင်ရွက်

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ပြိုလဲ/ပျက်စီးနေအိမ်များအတွက် နေအိမ်အသစ် ဆောက်လုပ်နိုင်ရေးစီစဉ်ဆောင်ရွက်

စက်တင်ဘာ ၁၁ (ရေတာရှည်)
=======================

စက်တင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ရေတာရှည်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ပြိုလဲ/ပျက်စီးနေအိမ်များအတွက် နေအိမ်အသစ် ပြန်လည်ဆောက်လုပ်ပေးနိုင်ရေး ဝန်ကြီးချုပ်၊ အလှူရှင်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က သြဂုတ်လ(၂၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ နေအိမ်များ ပြိုလဲ/ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ ၎င်းနေအိမ်များအတွက် အသစ်ပြန်လည်တည်ဆောက် ပေးနိုင်ရန် မိမိတို့အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆောက်လုပ်လှူဒါန်းပေးရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုဖြစ်စဉ်ကြောင့် ထိခိုက်/ပျက်စီးမှုနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ များကိုလည်းကောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းမှ လှူဒါန်းပေးရသည့် ရည်ရွယ်ချက်အားလည်းကောင်း၊ တက်ရောက်လာသည့် သစ်တောဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် လမ်းဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးဌာနမှူးများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များ တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းပြီး ရေဘေးကြောင့် ပျက်စီး/ပြိုလဲနေအိမ် (၁၆၀)လုံးအား (၁၈)ပေ × (၁၄)ပေ အကျယ်ရှိ နေအိမ်များ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး၊ လတ်တလောအနေဖြင့် ဆွာမင်းလမ်းကျေးရွာတွင် ဆွာချောင်းကမ်းဘေးရှိ နေအိမ်(၁၉)လုံး ဦးစွာဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။