Home / တောင်ငူမြို့နယ် / ရေတာရှည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ညှိနှိုင်းဆွေးနွေး

ရေတာရှည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ညှိနှိုင်းဆွေးနွေး

စက်တင်ဘာ ၁၁ (တောင်ငူ)
========================

စက်တင်ဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၃)နာရီခွဲအချိန်က တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းက ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံး ခဲ့သည့် လမ်း/တံတား၊ စာသင်ကျောင်း၊ ကျန်းမာရေးဌာန စသည့်တို့အတွက် လိုအပ်ငွေ တင်ပြတောင်းခံရာတွင်  ယာယီပြင်ဆင်ရန် ကုန်ကျစရိတ်၊ အပြီးသတ်ပြင်ဆင်ရန် ကုန်ကျစရိတ်  သေချာစိစစ်တင်ပြရန်လိုအပ်ကြောင်း၊ ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်ယာမြေနှင့်ပတ်သက်၍ မျိုးစပါးထောက်ပံ့ပေးမည့် အခြေအနေ၊ အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးသွားမည့် အခြေအနေများ ကျေးရွာအုပ်စုတစ်ခုချင်းအလိုက် သေချာစိစစ်ဆောင်ရွက်ရန်၊ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ ဧရာဝတီမြစ်နှင့် မြစ်မခမြစ်တို့အား ရေရှည်မြစ်ကမ်းပါး ထိန်းသိမ်း ခြင်းလုပ်ငန်းတို့ဆောင်ရွက်ရန် စိစစ်စေလိုကြောင်း၊ ပညာရေးအနေဖြင့် စာသင်ကျောင်း၊ ပရိဘောဂနှင့် ကျောင်းသုံးစာအုပ်များ လိုအပ်ချက်ကို ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံးမှ အမြန်ဆုံး စိစစ်တင်ပြပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများအနေဖြင့် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများ၊ ပြန်လည်ဆောင်ရွက်ရှိ သည့် အခြေအနေနှင့် ရေရှည်ဆောင်ရွက်ရမည့် အစီအမံများအား တင်ပြခဲ့သည်။
ယင်းနောက် အစိုးရအဖွဲ့ အတွင်းရေးမှူးက စစ်တောင်းမြစ်အောက်ဘက်ရှိ ရေကြီးမှု ဒဏ်ခံခဲ့ရသည့် ကျေးရွာများအား ပြောင်းရွှေ့မှုများနှင့်ပတ်သက်၍ စနစ်တကျ မှတ်တမ်းထားရှိရန်၊ မြေနေရာ အမြန်ဆုံးရရှိနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးရန်၊ နေအိမ်အသစ် ဆောက်လုပ်ခြင်းအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖမ်းဆီးရမိ သစ်ခွဲသားနှင့် သစ်လုံးများ၊ ကျွန်းမျောတိုင်များ ပြန်လည်အသုံးပြုရမည်ဖြစ်၍ သစ်ခွဲသားနှင့် သစ်လုံးများ သယ်ယူရာတွင် ယာဉ်အမှတ်၊ ယာဉ်မောင်းအမည်၊ သယ်ဆောင်သည့် သစ်အမျိုးအစားနှင့် သစ်တန်အရေအတွက်တို့အား သက်ဆိုင်ရာဌာနများသို့ ကြိုတင်အသိ ပေးထားရန်နှင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရေး အထူးဂရုပြု ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အခမ်းအနားသို့ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။