Home / ပဲခူးမြို့နယ် / ဆဌမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဆဌမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စက်တင်ဘာ(၁၃) ပဲခူး
==================

ပဲခူးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူး၍ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၈ခုနှစ် ဆဌမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုဗွီဒီယိုခွေမှတ်အား နောက်ခံစကားပြောဖြင့် ပြသသည်။
ထို့နောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပန်းချီ၊၊ ကာတွန်း၊ ပိုစတာ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား/သူများအား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်မှတ်တမ်းဗွီဒီယိုခွေအား နောက်ခံစကားပြောဖြင့်ပြသကာ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်နှင့်တက်ရောက်လာကြသူများက လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ၂၀၀၅ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် စတင်ပြဌာန်းနိုင်ခဲ့သည့်အတွက် စက်တင်ဘာလ (၁၃)ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ခုနှစ်က စတင်သတ်မှတ် ကျင်းပခဲ့ရာ ယခုနှစ်သည် ဆဌမအကြိမ်မြောက် ရှိပြီဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၆ခုနှစ်၌ တရုတ်နိုင်ငံ ဦးတည်သော လူကုန်းမှု(၅)မှု၊ ပြည်တွင်းလူကုန်ကူးမှု(၁)မှု၊ ပေါင်း(၆)မှု တရားခံ(၁၄)ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၂၀၁၇ခုနှစ်တွင် တရုတ်နိုင်ငံ ဦးတည်သော လူကုန်ကူးမှု(၁)မှု၊ ထိုင်းနိုင်ငံဦးတည်သော လူကုန်ကူးမှု(၂)မှု၊ ပြည်တွင်း(၂)မှု၊ ဘင်္ဂါလီသယ်ဆောင်မှု (၂)မှုပေါင်း(၇)မှု တရားခံ(၂၂)ဦး၊ ၂၀၁၈ခုနှစ်တွင် တရုတ်နိုင်ဦးတည်သော လူကုန်ကူးမှု(၆)မှု၊ ထိုင်းနိုင်ငံဦးတည်သောလူကုန်ကူးမှု(၃)မှု စုစုပေါင်း(၉)မှု တရားခံကျား(၁၃)ဦး၊ မ(၁၆)ဦး ပေါင်း(၂၉)ဦးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။