Home / ပဲခူးမြို့နယ် / တိုင်းဒေသကြီးနှင့်နိုင်ငံဂုဏ်ဆောင် အားကစားသမားများပေါ်ထွန်းလာစေရန် ပဲခူးမြို့တွင် အခြေခံမြားပစ်သင်တန်းဖွင့်လှစ်

တိုင်းဒေသကြီးနှင့်နိုင်ငံဂုဏ်ဆောင် အားကစားသမားများပေါ်ထွန်းလာစေရန် ပဲခူးမြို့တွင် အခြေခံမြားပစ်သင်တန်းဖွင့်လှစ်

စက်တင်ဘာ ၁၄ (ပဲခူး)
=================

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် တိုင်းဒေသကြီးနှင့်နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် ၂၀၁၈ခုနှစ် အခြေခံမြားပစ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အခြေခံမြားပစ်သင်တန်းကိုတက်ရောက်သင်ယူမည့် သင်တန်းသား မောင်/မယ်များအနေဖြင့် အချိန်ကုန်/ငွေကုန် အကျိုးမရှိမဖြစ်ရအောင် စိတ်ပါဝင်စားစွာ သင်ကြားပို့ချမှုကိုခံယူပြီး တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်သည့် အားကစားမောင်/မယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် (အားကစား) ဦးကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ၊ ဇေကမ္ဘာကုမ္ပဏီ၏ ဒုတိယဥက္ကဌ ဦးဇေသီဟက အလှူငွေကျပ် (၁၀)သိန်းအား ပေးအပ်လှူဒါန်းပြီး မြန်မာနိုင်ငံမြှားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် (အားကစား)ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးထွန်းမြင့်ဦးတို့မှ အားကစားပစ္စည်းများပေးအပ်လှူ ဒါန်းကာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင် အားကစားသမားများက မြားပစ်၍ သရုပ်ပြသကြသည်။
အခြေခံမြားပစ်သင်တန်းကို ပဲခူးတိုင်းဒေသကြီး၌ ၁၉၉၇ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၁ခုနှစ်တွင် ဒုတိယအကြိမ်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အတွက် ထူးချွန်အားကစားသမားများဖြစ်ကြသည့် မြတ်ဇော်ထွန်း၊ ဇာခြည်ဝင်းနှင့် သိမ့်သိမ့်မိုးတို့(၃)ဦးကို ပို့ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံမြားပစ်သင်တန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြားပစ်အားကစားနည်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့တွင် ကောင်းကျိုးများရရှိနိုင်ရန်၊ အားကစားနည်းတရပ်ရပ်ကို အခြေခံကျကျ လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားကာ ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပဲခူးမြို့တွင် စက်တာဘာလ(၁၄)ရက်နေ့မှ အောက်တိုဘာလ (၁၅)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/သူ(၃၂) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။