Home / ပဲခူးမြို့နယ် / နယ်စပ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်မှ ရေဘေးအလှူ ကျပ်သိန်း(၅၀၀) လာရောက်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်မှ ရေဘေးအလှူ ကျပ်သိန်း(၅၀၀) လာရောက်လှူဒါန်း

စက်တင်ဘာ ၁၄ (ပဲခူး)
==================

စက်တင်ဘာလ (၁၄)ရက်နေ့၊ နံနက်(၁၁)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် သိန်း(၅၀၀)အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်မှ လာရောက်လှူဒါန်းသည့်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် ဇူလိုင်လအတွင်း ပဲခူးမြစ်နှင့် စစ်တောင်းမြစ် ရေကြီးရေလျှံမှု ကြောင့်လည်းကောင်း၊ သြဂုတ်လ(၂၉)ရက်နေ့တွင် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှုကြောင့်လည်းကောင်း ရေဘေး(၂)ကြိမ် ခံစားခဲ့ ရကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် အစိုးရအဖွဲ့၊ တပ်မတော်၊ လူမှုရေးအသင့်အဖွဲ့များ၊ အလှူရှင်များ၏ ပံ့ပိုးကူညီမှုများကြောင့် အချိန်တိုအတွင်း ထိရောက်သည့် ကယ်ဆယ်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပြီဖြစ်၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းမှုအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အလှူငွေကျပ် သိန်း(၅၀၀)အား ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လက်ခံရယူခဲ့ပြီး  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က မိမိတို့ ဝန်ကြီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ပေးရသည့် ဝန်ကြီးဌာနတစ်ခုဖြစ် ပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံအဆောက်အဦများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်စပ်ရှိ ကျေးရွာများအတွက် လမ်း/တံတားများ ဆောက်လုပ်ပေးခြင်း၊ လျှပ်စစ်မီးလင်းရေးနှင့် ရေရရှိရေးတို့ကို နှစ်အလိုက်ဘတ်ဂျက်များ ရေးဆွဲပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နယ်စပ်ဒေသများရှိ ဒေသခံပြည်သူများအတွက် လိုအပ်သည့် လမ်း/တံတား၊ မီးလင်းရေးနှင့် ရေရရှိရေးလုပ်ငန်းများ လိုအပ်မည်ဆိုပါက ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ယခုလာရောက်လှူဒါန်းသည့် အလှူငွေကျပ် သိန်း(၅၀၀)သည် ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း(၃၀၀)နှင့် ဆွာရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း(၂၀၀)တို့အား လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။