Home / ပဲခူးမြို့နယ် / ပဲခူးမြစ်ဝှမ်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပဲခူးမြစ်ဝှမ်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စက်တင်ဘာ ၂၀ (ပဲခူး)
=============

စက်တင်ဘာလ (၂၀)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေဝါထွန်းဟိုတယ်၊ ကမ္ဘောဇသာဒီခန်းမတွင် နော်ဝေ-မြန်မာ နှစ်နိုင်ငံပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ပဲခူးမြစ်ဝှမ်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ တစ်ဆင့် ရရှိလာမည့် ဆွေးနွေးအကြံပြုချက်များ၊ သုတေသနပြုချက်များအပေါ် အခြေခံပြီး ပဲခူးမြစ်ဝှမ်းဒေသ ဘက်စုံစီမံအုပ်ချုပ်ခြင်း စီမံချက်ရေးဆွဲခြင်းများကို လက်တွေ့မြေပြင်မှာ အမှန်တကယ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့ အားလုံးရှေ့ဆက်ပြီး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပဲခူးမြစ်ဝှမ်းဒေသကို မှီခိုနေထိုင်ကြသည့် ဒေသခံပြည်သူများ သန့်ရှင်းလုံခြုံစိတ်ချရသော သောက်သုံးရေတွေကို ပဲခူးမြစ်ကြီးကနေ ပေးစွမ်းနိုင်ရေး၊ ရေအရင်းအမြစ်နှင့်ပတ်သက်သည့် ပြဿနာများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ကြရန်နှင့် ပဲခူး မြစ်ရေများ ရပ်တန့်မှုမရှိ တသွင်သွင်စီးဆင်းပြီး သားစဉ်မြေးဆက်အထိ ရေချိုသယံဇာတများ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်စေရေး ရေရှည်အတွက် မျှော်မှန်းကာ ကြိုးစားဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်မှ ရေသယံဇာတ အရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သင်တန်းပေးခြင်း စီမံကိန်းအကြောင်း အနှစ်ချုပ် ရှင်းလင်းတင်ပြကာ၊ ပဲခူးမြစ်ဝှမ်းဒေသ ဘက်စုံစီမံအုပ်ချုပ်ခြင်းစီမံချက်(မူကြမ်း)အား Norwegian Institue for Water Research(NIVA), Research Scientist , Dr. Ingrid Nesheim က ဖတ်ကြားတင်ပြခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပဲခူးမြို့နယ်စည်ပင်သယာရေးအဖွဲ့၊ တွဲလက်များအဖွဲ့အစည်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုရေးနှင့်ဖွံ့ဖြိုးရေးအသင်းနှင့် တက်ရောက်လာကြသူများက ပဲခူးမြစ်ဝှမ်းဘက်စုံထိန်းသိမ်းပြုပြင်ဆောင်ရွက်ချက်များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ချက်များအပေါ် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတများပေါကြွယ်ဝပြီး အဓိက အရေးပါသည့် သယံဇာတများက ရေနှင့်မြေ၊ သစ်တောများ၊ ပင်လယ်ကမ်းရိုးတန်းသယံဇာတ များဖြစ်ပါသည်။ မြန်မာနိုင်ငံသားတစ်ဦးချင်းစီ၏ ရေအရင်းအမြစ်ပမာဏ (Renewable Fresh Water Resources Per Capita)သည် အမေရိကန်ပြည်ထောင်စုထက် (၂)ဆ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံထက် (၁၅)ဆနှင့် အိန္ဒိယနိုင်ငံထက် (၁ဝ)ဆရှိပါကြောင်း၊  မြေသယံဇာတအနေနှင့်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် (၂၅) နိုင်ငံမြောက် စိုက်ပျိုးမြေ ဧရိယာအများဆုံး နိုင်ငံဖြစ်ပါကြောင်း၊ သစ်တောသယံဇာတအနေနှင့် နိုင်ငံဧရိယာစုစုပေါင်း၏ (၄၃) ရာခိုင်နှုန်းသည် ယခုအချိန်အထိ သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေချိန်တွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတစ်ရပ် ဖော်ဆောင်နိုင်မည့် အခြေခံများကိုတည်ဆောက်လျက်ရှိပြီး၊ မြန်မာနိုင်ငံ၏ ကြွယ်ဝသည့် သဘာဝသယံဇာတများကို အခြေခံပြီး ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရန်၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုဒဏ်ကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ရန်နှင့် သဘာဝဂေဟစနစ်များ တည်တံ့ခိုင်မြဲရန်တို့ကို ဆောင်ရွက်နိုင်ပါက နိုင်ငံ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)ကို အထောက်အကူပြုနိုင်မည်၍ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ပဲခူးမြစ်ဝှမ်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ဆိုင်ရာ လုပ်ငန်းစီမံချက်များ ရေးဆွဲရခြင်း ဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ Norwegian Institute for Water Research(NIVA)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။