Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / စိုက်ပျိုးရေးဦးစီးဌာန / ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ရေကြီးနစ်မြှုပ်ခဲ့သော စိုက်ပျိုးသီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ရေကြီးနစ်မြှုပ်ခဲ့သော စိုက်ပျိုးသီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်

စက်တင်ဘာ ၂၀ (ပဲခူး)
=====================

စက်တင်ဘာလ (၂၀)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၁၇ ခုနှစ် ရေကြီးနစ်မြှုပ်ခဲ့သော စိုက်ပျိုးသီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှစ်စဉ် သဘာဝဘေးအန္တရာယ်ကြောင့် လူနေအိမ်၊ စိုက်ပျိုးဧက၊ တိရိစ္ဆာန်နှင့် အခြားအခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် နှစ်စဉ်ကြုံတွေ့နေမှုနှင့်ပတ်သက်ပြီး မိမိတို့လူအဖွဲ့အစည်းအနေဖြင့် သဘာဝနှင့် လိုက်လျော်ညီထွေမှုဖြစ်သည့် ဥပမာ နှစ်စဉ်ရေကြီးသည့်နေရာတွင် ရေကြီး နစ်မြှုပ်မှုဒဏ်ခံနိုင်သည့် သီးနှံပင်များ စိုက်ပျိုးရန်၊ မြစ်ကမ်းဘေးရှိ ရပ်ကွက်/ကျေးရွာများ နေရာပြောင်းရွေ့ရန်စသည့် နေထိုင်မှုပုံစံများပါ ပြောင်းလဲရန်လိုကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့်လည်း ဖွဲ့စည်းပေးထားသည့် သဘာဝဘေးကော်မတီများမှ ဦးဆောင်ပြီး ရေကြီးနစ်မြှုပ်မှုကြောင့် သီးနှံပျက်စီး/ဆုံးရှုံးသွားသည့် တောင်သူတစ်ဦးချင် လက်ဝယ်သို့ အမြန်ဆုံးနှင့် အမှန်ကန်ဆုံးရောက်ရှိစေရန် ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်မှ ၂၀၁၇ ခုနှစ်တွင် ရေကြီးနစ်မြှုပ်၍ သီးနှံပျက်စီး/ဆုံးရှုံးခဲ့သည့် လယ်မြေများအတွက် ထောက်ပံ့ငွေ ပေးအပ်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူး ခရိုင်/တောင်ငူခရိုင်/ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးများထံသို့ သီးနှံထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာ၏ ပုံရိပ်သည် အစိုးရ၏ ပုံရိပ်ဖြစ်ကြောင်း၊ အစိုးရ၏ ပုံရိပ်သည် နိုင်ငံ၏ပုံရိပ်တစ်ခုဖြစ်ပြီး၊ နိုင်ငံ၏ပုံရိပ်သည် မိမိတို့ လူအဖွဲ့အစည်း၏ ပုံရိပ်တစ်ခုပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အပြောင်းအလဲများ ဆောင်ရွက်နေစဉ် ဌာနဆိုင်ရာ တစ်ခုချင်းအနေဖြင့် လုပ်ဆောင်ချက်များသည် အရေးကြီးကြောင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် စာရင်းဇယားအချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ အမှန်တကယ် သီးနှံ ပျက်စီး/ဆုံးရှုံးခဲ့သည့် တောင်သူများလက်ဝယ်သို့ ရောက်ရှိစေရန် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓါတ်ဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ဖြူး၊ အုတ်တွင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပြည်၊ ပန်းတောင်း၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ သာယာဝတီ၊ လက်ပံတန်း၊ အုတ်ဖို၊ ဇီးကုန်း၊ နတ်တလင်း၊ မိုးညို၊ ကြိုပင်ကောက် စုစုပေါင်း (၁၈)မြို့နယ် ရေကြီးနပ်မြှုပ်ဒဏ်ခံစားခဲ့ရပြီး၊ စုစုပေါင်း မိုးစပါး(၆၁၆၃၄)ဧက၊ မိုးနှမ်း(၉၅၂၆)ဧက၊ မိုးမြေပဲ(၁၂၆၀)ဧက၊ ပဲတီစိမ်း(၆)ဧက၊ အစေ့ထုတ်ပြောင်း(၁၁၀၃)ဧက၊ ချဉ်ပေါင်လျှော်(၁၅၄)ဧကနှင့် အခြားရာသီသီးနှံ(၂၃၄)ဧကတို့ ပျက်စီးခဲ့သည်၊ သီးနှံအမျိုးအစားအလိုက် မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ ချဉ်ပေါင်လျှော်၊ အခြားရာသီသီးနှံတို့အတွက် တစ်ဧကလျှင် (၁)သောင်းနှုန်း၊ မိုးမြေပဲ တစ်ဧကလျှင် (၃)သောင်းနှုန်း၊ မိုးနှမ်းနှင့် ပဲတီစိမ်း တစ်ဧကလျှင် (၅)ထောင်နှုန်း ထောက်ပံ့ပေးရာ ပဲခူးခရိုင်အတွက် (၄၈.၄၈)သန်း၊ တောင်ငူခရိုင်အတွက်(၇၈.၆၂)သန်း၊ ပြည်ခရိုင်အတွက် (၁၃၄.၇)သန်း၊ သာယာဝတီခရိုင်အတွက် (၄၅၄.၉၁)သန်း၊ စုစုပေါင်း (၇၁၆.၇၁)သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။