Home / ပဲခူးမြို့နယ် / ပဲခူးဒေသတွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်အသစ်တစ်ခု ဖော်ထုတ်ရန် အမေရိကန်နိုင်ငံ အခြေစိုက်လုပ်ငန်းရှင်မှ လာရောက်ကမ်းလှမ်း

ပဲခူးဒေသတွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်အသစ်တစ်ခု ဖော်ထုတ်ရန် အမေရိကန်နိုင်ငံ အခြေစိုက်လုပ်ငန်းရှင်မှ လာရောက်ကမ်းလှမ်း

အောက်တိုဘာ ၅ (ပဲခူး)
===================

အောက်တိုဘာလ (၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ပဲခူးဒေသတွင် အဆင့်မီစက်မှုဇုန်အသစ်တစ်ခု ဖော်ထုတ်ရန် အမေရိကန်နိုင်ငံအခြေစိုက် MDS Investment LLC မှ President, Ms.Mei Mei Lin ဦးသောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Ms.Mei Mei Lin က မိမိတို့ကုမ္ပဏီသည် အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပရိဘောဂပစ္စည်းများအား အမေရိကန်နှင့် ကနေဒါနိုင်ငံတို့အား အဓိကထား ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း၊ လက်ရှိအနေဖြင့် အမေရိကန်တွင် ခိုင်မာသော စျေးကွက်တစ်ခု ရရှိထားပြီးဖြစ်၍ မြန်မာနိုင်ငံတွင် ပရိဘောဂပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံ များ တည်ထောင်ရန်အတွက် လာရောက်ကမ်းလှမ်းရခြင်းဖြစ်ပါကြောင်း၊ ပဲခူးဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း တင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က မိမိတို့အစိုးရအနေဖြင့် နိုင်ငံသူ/သား အကျိုးကိုရှေးရှု၍ မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ကြိုလျက်ရှိကြောင်း၊ အဓိကအားဖြင့် ရာဘာသစ်ကို အခြေခံပြီး ပရိဘောပစ္စည်းများ ထုတ်လုပ်မည်ကို သိရှိရ၍ ရာဘာစိုက်တောင်သူ များအတွက် ထင်းအဖြစ် ရောင်းချနေရသည်မှတစ်ဆင့် စျေးကွက်ဝင် ရာဘာသစ်များ ရောင်းချနိုင်မည့် အခွင့်အရေးတစ်ရပ်ကို ရရှိနိုင်စားနိုင်မည်ကြောင်း၊ ဒေသခံနှင့် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် စက်မှုဇုန်လုပ်ငန်းများကို မိမိတို့အစိုးရအနေဖြင့် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးဦးသန်းဝင်းနှင့် ဌာနဆိုင်ရာများ၊ MDS Investment LLC မှ President, Ms.Mei Mei Lin နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။