Home / ပဲခူးမြို့နယ် / သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝင်္ဂဘော်ဆင်စခန်းနှင့် မိုးယွန်းကြီးအင်းတို့သို့ ကွင်းဆင်းကြည့်ရှု

သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝင်္ဂဘော်ဆင်စခန်းနှင့် မိုးယွန်းကြီးအင်းတို့သို့ ကွင်းဆင်းကြည့်ရှု

အောက်တိုဘာ ၁၁ (ပဲခူး)
==================

အောက်တိုဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဌာနဆိုင်ရာများသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘောနတ်ကြီးကျေးရွာအနီးရှိ ဝင်္ဂဘော်ဆင်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝင်္ဂဘော်ဆင်စခန်း ရှင်းလင်းဆောင်၌ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ဆွေမှ ဝင်္ဂဘော်ဆင်စခန်းနှင့်ပတ်သက်သည့် အကြောင်း အရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ဆင်စခန်းဖွင့်လှစ်ရခြင်းသည် အများပြည်သူများ အပန်းဖြေအနာယူနိုင်ရန်နှင့် အမိမဲ့ဆင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဖြစ်ကြောင်း၊ နေ့စဉ် ဆင်မုဆိုးများကြောင့် တောဆင်ရိုင်းများ သေဆုံးလျက်ရှိပြီး အိမ်နီးချင်း နိုင်ငံမှ ဆင်နှင့်ပတ်သက်သည့် အစွယ်၊ နှာမောင်း၊ အရေခွံစသည့် ပစ္စည်းများအား စျေးကောင်းပေး၍ ဝယ်ယူနေမှုများကြောင့်ဖြစ်ကြောင်း၊ ဆင်မုဆိုးများ ဆင်သတ်မှုကို လူသတ်မှု အတိုင်း ထိထိရောက်ရောက် ပြစ်မှုပြစ်ဒဏ်များ ပေးရန်လိုအပ်ကြောင်း၊ ဆင်သည် မြန်မာနိုင်ငံ အတွက် ရတနာတစ်ပါးဖြစ်ပြီး အထူးထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ဆင်မုဆိုးများနှင့်ပတ်သက်၍ သတင်းပေးနိုင်သူကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးရန် လိုအပ်ကြောင်း၊ ဆင်စခန်းများတွင် ဆင်များအား ဘောလုံးကန်ခြင်း၊ ပန်းချီဆွဲခြင်း စသည့် လူအများစိတ်ဝင်စားနိုင်သည့် ဖျော်ဖြေရေးများ ထည့်သွင်းစေလိုကြောင်း၊ ဆင်စခန်းသည် တိုင်းပြည်အတွက် ဝင်ငွေရရှိသော မီးခိုးမထွက်သည့် စက်ရုံတစ်ခုဖြစ်ကြောင်း၊     ဆင်ဦးစီးများ ကိုလည်း ဆင်များ၏ သဘောသဘာဝအနေအထားသိရှိစေရန်နှင့် အန္တရာယ်ကင်းရှင်းစေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆင်စားကျက်များ ရှားပါးလာမှုကြောင့် စိုက်ပျိုးခင်းများသို့ ဝင်ရောက် နှောင့်ယှက်မှုများရှိနေသဖြင့် ဒေသခံပြည်သူများအား ဆင်သဘောသဘာဝများအား အသိပညာ ပေးရန်လိုအပ်ကြောင်း၊ ဆင်စခန်းမြေနေရာအား ဌာနအမည်ပေါက်ရရှိရေး ဆောင်ရွက်ထားရန် နှင့် နောင်မြေယာအငြင်းပွားမှု မဖြစ်ပေါ်စေရန်အတွက်လည်း သတ်မှတ်ခြံစည်းရိုးများ ကာရံထားရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဒုတိယသမ္မတ(၁)၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝင်္ဂဘောဆင်စခန်းအတွင်းရှိ ဆင်များအား အစာကျွေးခြင်းနှင့် အမိမဲ့ဆင်ကလေးများအား နို့ဗူးများ တိုက်ကျွေးခဲ့ကြသည်။
ဝင်္ဂဘောဆင်စခန်းသည် ပဲခူးမြို့နယ်၊ ဝင်္ဂဘော်ကျေးရွာ၌ ဖွင့်လှစ်ထားသည့် ဆင်ထိန်းသိမ်းရေးခစန်းတစ်ခုဖြစ်ပြီး မြေဧရိယာ (၈၆.၀၁)ဧကရှိသည်။ ၎င်းဆင်စခန်းတွင် ဆင်ကြီး(၂)ကောင်၊ ဝန်တင်ဆင်း(၇)ကောင်နှင့် ဆင်ကလေး(၈)ကောင် စုစုပေါင်း (၁၇)ကောင် ရှိပြီး ၂၀၁၈-၂၀၁၉ (Mini Budget) တွင် ကျပ်သိန်း(၂၄၁.၇၅)သိန်း ဝင်ငွေရရှိပြီး မြန်မာနိုင်ငံရှိ ဆင်စခန်းများ၌ ဝင်ငွေအများဆုံး ရရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတ(၁)၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲ(၂:၃၀)အချိန်၌ ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်းသို့ ရောက်ရှိခဲ့ပြီး မိုးယွန်းကြီးအင်းရေဝပ်ဒေသပညာပေးပြခန်းသို့ ရောက်ရှိခဲ့ပြီး ပုံစံသွင်းငှက်များ၊ ဆေးစိမ်တိရိစ္ဆာန်များအား ကြည့်ရှုခဲ့ပြီး၊ မိုးယွန်းကြီးအင်း အတွင်းသို့ စက်လှေဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် မိုးယွန်းကြီးအင်း ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုတို့က မိုးယွန်းကြီးအင်းနှင့်ပတ်သက်သည့် အခြေခံအချက် အလက်များကိုလည်းကောင်း၊ ရွှေပြည်စံခရီးသွားကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ မျိုးသက်က မိုးယွန်းကြီးအင်းအတွင်းရှိ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက မိုးယွန်းကြီးအင်းသည် နိုင်ငံတကာ အသိအမှတ်ပြု သဘာဝအခြေခံဘေးမဲ့တောဖြစ်ခြင်း၊ ငှက်များပျံသန်းနားခိုရာ(Fly Way Network)အတွင်း ကျရောက်လျက်ရှိသဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရန် အလွန်အရေးကြီးကြောင်း၊ မိုးယွင်းကြီးအင်းကို အမှီပြု၍ အသက်မွေးနေသည့် ပတ်ဝန်းကျင် ကျေးရွာ (၁၇)ရွာအား အသိပညာပေးခြင်း၊ အခြားအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ ဆောင်ရွက်ပေးရန်၊ နောင်အနာဂတ် လူငယ်များ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ပူးပေါင်းပါဝင်ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓါတ်များ ရရှိစေရန် ဌာနဆိုင်ရာများမှ ဆောင်ရွက်ကြစေလိုကြောင်း၊ မိုးယွင်းကြီးအင်းသည် နောင်ဖြစ်ပေါ်လာမည့် သဘာဝဘေးမဲ့တောများအတွက် စံနမူပြ ရှေ့ဆောင်လမ်းပြအဖြစ် ဆောင်ရွက်စေလိုကြောင်းနှင့် သတ်မှတ်ရေပြင်အနေအထားအတိုင်း ထားရှိနိုင်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆည်မြောင်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ကမ္ဘာပေါ်တွင် ဆောင်ခိုငှက်များ ပျံသန်းသွားလာသည့် လမ်းကြောင်း(Flyway Network) (၉)ခုရှိပြီး ဗဟိုအာရှပျံသန်းလမ်းကြောင်း(Central Asian Flyway)နှင့် အရှေ့အာရှ-သြစတြေးလျအာရှ ပျံသန်းရာလမ်းကြောင်း(East Asian – Australasian Flyway) (၂)ခု ပျံသန်းရောက်ရှိနေထိုင်ကျက်စားရာ လမ်းကြောင်းပေါ်တွင် ကျရောက်လျက်ရှိသည်။ ဆောင်းရာသီတွင် လာရောက်သည့် ငှက်များသည့် ကမ္ဘာ့မြောက်ခြမ်းမှာ ကီလိုမီတာ (၂၆၀၀၀) ခရီးအကွာအဝေးသို့ ပြန်သန်းလာပြီး မိုးယွန်းကြီးအင်း၌ ခရီးတစ်ထောက်နားခိုခြင်း၊ ငှက်သားပေါက်ခြင်း စသည့်တို့ကို ပြုလုပ်ကြကြောင်း သိရှိရသည်။