Home / ပဲခူးမြို့နယ် / ပဲခူးမြို့တွင် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပဲခူးမြို့တွင် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

အောက်တိုဘာ ၁၁ (ပဲခူး)
==================

“မျက်စိအမြင်ကောင်းမွန်ဖို့ နေရာမရွေးစောင့်ရှောက်စို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးပြီး အောက်တိုဘာလ(၁၁)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမတွင် ၂၀၁၈ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာအေးငြိမ်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ မိန့်ခွန်းကိုဖတ်ကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး၊ ဒေသဆိုင်ရာမျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက မျက်စိရောဂါအကြောင်း သိကောင်းစရာများကို ဗွီဒီယိုဖိုင်ဖြင့် ပညာပေးရှင်းလင်းပြသပြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ပြခန်းအားကြည့်ရှုအားပေးကြသည်။
နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယပတ် ကြာသာပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ်သတ်မှတ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများအားလုံးတွင် နှစ်စဉ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင်လည်း (၂၀၀၀)ပြည့်နှစ်မှစ၍ ကျင်းပခဲ့သည်။ ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ဆောင်ပုဒ်သည် “Eye Care Everywhere မျက်စိအမြင်ကောင်းမွန်ဖို့ နေရာမရွေးစောင့်ရှောက်စို့” ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့မျက်မမြင်ပပျောက်ရေး အထိမ်းအမှတ်အခမ်းအနားအား မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံချို့ယွင်းခြင်းများသည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿ နာတစ်ခုဖြစ်ကြောင်း သိရှိနားလည်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အပါအဝင် အခြားသောပြည်ထောင်စုဝန်ကြီးဌာနများ၊ ဦးစီးဌာနများအားလုံးမှ ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ပြီး မျက်စိကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လာစေရန်နှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများကြောင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်းပပျောက်သွားစေရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းကြောင်းသိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဒေသဆိုင်ရာမျက်စိအထူးကုဆရာဝန်ကြီးနှင့် မျက်စိကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြကြောင်းသတင်းရရှိသည်။