Home / ပဲခူးမြို့နယ် / ဆဌမအကြိမ်မြောက် MSMEs ဒေသတွင်းထွက်ကုန် ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပဲခူးမြို့တွင် ကျင်းပပြုလုပ်

ဆဌမအကြိမ်မြောက် MSMEs ဒေသတွင်းထွက်ကုန် ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပဲခူးမြို့တွင် ကျင်းပပြုလုပ်

အောက်တိုဘာ ၁၂ (ပဲခူး)
=============

5အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တို့ ပူးပေါင်းပြီး ပဲခူးမြို့၊ မြို့တော်ခန်းမနှင့် ရွှေမော်ဓောဘုရားယာဉ်ရပ်နားကွင်းတို့တွင် အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ဆဌမအကြိမ်မြောက် MSMEs ဒေသတွင်းထွက်ကုန် ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့တော်ခန်းမတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဌ၊ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လုပ်ငန်းကော်မတီဝင်ဖြစ်သည့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းတို့က အမှာစကားပြောကြားကြသည်။
ထို့နောက် အလှူ ရှင်များကအလှူ ငွေများပေးအပ်လှူဒါန်းရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ လက္ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချူပ်မှ ဆဌမအကြိမ်မြောက် MSMEs ဒေသတွင်းထွက်ကုန် ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများကို အခမ်းအနားတက်ရောက်လာကြသော နိုင်ငံတော်ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှအစိုးရအဖွဲ့ဝန်ကြီးများထံ ပေးအပ်သည်။
ယင်းနောက် ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းတွင် ဆဌမအကြိမ်မြောက် MSMEs ဒေသတွင်းထွက်ကုန် ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဒုတိယသမ္မတဦးမြင့်ဆွေ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ပဲခူးတိုင်းဒေသကြီးSME Agency ဥက္ကဌ၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပြပွဲ/ပြိုင်ပွဲအား အောက်တိုဘာလ(၁၂)ရက်နေ့မှ(၁၄)နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းများ၏ ဒေသထွက်ကုန် ပြခန်းပေါင်း(၁၉၀)ကျော်ဖြင့် ဖွင့်လှစ်ပြသွားမည်ဖြစ်သည့်အပြင် အောက်တိုဘာလ (၁၂)မှ (၁၃)ရက်နေ့တို့တွင် နိုင်ငံကျော်အဆိုတော်များ ပါဝင်သော တေးဂီတ ဖျော်ဖြေရေးအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။