Home / ကဝမြို့နယ် / သဘာဝလေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်/ပြိုလဲနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

သဘာဝလေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်/ပြိုလဲနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

အောက်တိုဘာ ၂၃ (ကဝ)
==================

အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလမြို့၊ မြို့အုပ်ချုပ်ရေးမှုးရုံး၌ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့တွင် သဘာဝလေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်/ပြိုလဲနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သနပ်ပင်နှင့်ကဝမြို့နယ်တို့သည် ရေဘေး၊ လေဘေးစသည့်သဘာဝဘေးအန္တရာယ်များနှစ်စဉ်ကြုံတွေ့ရသည့် ဒေသများဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် သဘာဝဘေးဒဏ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သဘာဝဘေးဒဏ်ခံစားရသောပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူ့အသိုင်းအဝန်းတစ်ရပ်ပေါ်ထွက်လာစေရန် အထူးကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများမှလည်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တက်ရောက်လာသည့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများအနေဖြင့်လည်း ယခုထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရန်အလေးထားမှာကြားလိုကြောင်း ပြည်သူများအနေဖြင့်လည်း ထောက်ပံ့ငွေများအား မိမိတို့နေအိမ်အားပိုမိုကြံ့ခိုင်အောင် ပြန်လည်တည်ဆောက်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြည်သူများနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများသည် အခြေခံကျသည့်အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းဇယားများတိကျ မှန်ကန်နေရန်လိုအပ်ကြောင်း၊ သဘာဝဘေးသည်ကြိုတင်မှန်းဆ၍မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်း ထိရောက်သောတုန့်ပြန်ကူညီဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံမှုအနည်းဆုံးဖြစ်စေရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဘာဝဘေးဒဏ်ခံစားရသောဒေသများတွင် နေအိမ်လမ်းတံတား အဆောက်အဦများအား သဘာဝဘေးဒဏ်ခံနိုင်သော နည်းစနစ်များဖြင့်တည်ဆောက်နိုင်ရန် မိမိတို့အစိုးရမှ အထူးအလေးထားဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့မှ သနပ်ပင်နှင့်ကဝမြို့နယ်တို့တွင် သဘာဝလေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်/ပြိုလဲနေအိမ်များအတွက်ထောက်ပံ့ငွေပေးအပ်ရာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ချုပ်ရေးမှုးတို့က လက်ခံရယူခဲ့ကြသည်။
အောက်တိုဘာလ(၂၁)ရက်နေ့နှင့်(၂၂)ရက်နေ့တို့တွင် သဘာဝလေပြင်းတိုက်ခိုက်မှုကြောင့် ကဝမြို့နယ်တွင် ရပ်ကွက်(၂)ခု၊ ကျေးရွာ(၅၁)၌ ပြိုလဲနေအိမ်(၃၅၇)လုံး၊ အမိုးလန်(၁၂၂၉)လုံး၊ လူဦးရေ(၇၂၂၈)ဦးအတွက် ဆန်ရိက္ခာဘိုး(၃၄၈၁၈၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဘိုး(၇၂၅၇၀၀၀၀)ကျပ်၊ သနပ်ပင်မြို့တွင် ကျေးရွာ(၁၀)ရွာ၌ ပြိုလဲနေအိမ်(၂၁)လုံး၊ အမိုးလန်(၂၅၃)လုံး၊ လူဦးရေ(၁၁၇၇)ဦးအတွက် ဆန်ရိက္ခာဘိုး(၁၆၅၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဘိုး(၉၆၉၀၀၀၀)ကျပ် စုစုပေါင်းဆန်ရိက္ခာဘိုး(၃၆၄၇၇၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဘိုး( ၈၂၂၆၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ သက္ကလမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမိုးလန်နေအိမ်များအား သွားရောက်ကြည့်ရှုခဲ့ပြီး လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။