Home / ဖြူးမြို့နယ် / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့၊ ဒက္ခိဏာရုံစာသင်တိုက်သို့ သွားရောက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထား

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့၊ ဒက္ခိဏာရုံစာသင်တိုက်သို့ သွားရောက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထား

နိုဝင်ဘာ ၂ (ဖြူး)

========================

နိုဝင်ဘာလ (၂)ရက်နေ့၊ မွန်းလွဲ(၁၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖြူးမြို့၊ ဒက္ခိဏာရုံစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များ အား သွားရောက်ဖူးမျှော်ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒက္ခိဏာရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ (ဂန္တဝါစကပဏ္ဍိတ၊ မဟာဂန္တဝါစကပဏ္ဍိတ)၊ မြို့နယ်သံဃနာယကဆရာတော် ဘဒ္ဒပညာဝံသနှင့် နိုင်ငံတော် ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တညာဏဝံသ တို့အား လှူဖွယ်ဝတ္ထုနှင့် လှူဖွယ်ခြင်းတို့အား လှူဒါန်းခဲ့ပြီး၊ ဆရာတော်၊ သံဃာတော်များထံမှ သြဝါဒစကား နာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒက္ခိဏာရုံစာသင်တိုက်အတွင်း တည်ဆောက် လျက်ရှိသော ဖြူးမြို့နယ်၏ ကျက်သရေဆောင် ဉာဏ်တော် (၁၀၈)ပေ အမြင့်ရှိ လေးဆူဗုဒ္ဓ “လိုတရ” ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးအား သွားရောက်ကြည့်ရှုခဲ့သည်။
အဆိုပါလေးဆူဗုဒ္ဓ”လိုတရ” စေတီ၏ ဖောင်ဒေးရှင်းလုပ်ငန်းများ (၇၅)%နှုန်းခန့် ပြီးစီးနေပြီးဖြစ်သည်။ ယင်းစေတီတော်၏ ကုန်းတော်အမြင့်(၁၁)ပေ၊ စေတီတော်ရင်ပြင်တော် အကျယ်(၂၀၀)ပတ်လည်၊ စေတီတော်လှိုင်ဂူအမြင့် (၁၈)ပေ၊ စေတီတော်လှိုင်ဂူအကျယ် (၁၀၀)ပေ ပတ်လည်၊ လှိုင်ဂူတော်မုခ် (၄)မုခ်၊ ဗုဒ္ဓရုပ်ပွားတော် (၄)ဆူ၊ စေတီတော် ဉာဏ်တော် (၁၀၈)ပေဖြင့် တည်ထားကိုးကွယ်သွားမည်ဖြစ်ပြီး၊ စေတီတော်တည်ဆောက်ရေးအတွက် ဆက်သွယ်လှူဒါန်းလိုပါက အကျိုးတော်ဆောင်အဖွဲ့၊ “လေးဆူဗုဒ္ဓလိုတရ ရွှေတိဂုံပုံတူစေတီ တော်မြတ်ကြီး” ဒက္ခိဏာရုံစာသင်တိုက်၊ ဖြူးမြို့၊ ဖုန်း- ၀၉၂၆၀၇၆၀၂၇၁၊ ၀၉၂၆၀၇၆၀၂၇၂၊ ၀၉၇၉၉၉၈၂၄၀၅၊ ၀၉၇၉၉၉၈၄၄၀၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။