Home / ဖြူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြူးမြို့နယ်အတွင်းမှ စွန့်လွှတ်အပ်နှံမြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြူးမြို့နယ်အတွင်းမှ စွန့်လွှတ်အပ်နှံမြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်

နိုဝင်ဘာ ၂ (ဖြူး)
===============

နိုဝင်ဘာလ(၂)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်စည်ပင်သာယာရေးခန်းမတွင် အမှတ်(၄၃၉)ခြေမြန်တပ်ရင်းမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံမြေများအား မူလတောင်သူများထံသို့ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများအတွက် တောင်သူများ နစ်နာမှုမရှိစေရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီး တောင်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲများအား ဦးစားပေးဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် လုပ်ပိုင်ခွင့်ပြန်လည် ရရှိသည့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် အရည်သွေးပြည့်မီသော အသီးအနှံများထွက်ရှိအောင် စိုက်ပျိုးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူ လယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးနေသလို တောင်သူများအနေဖြင့်လည်း ဥပဒေနှင့်အညီ တောင်သူအချင်းချင်း စည်းလုံးညီညွတ်စွာ စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ သားစဉ်မြေးဆက်လုပ်ကိုင်ခွင့်ရရှိစေရန် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဖြူးမြို့နယ် ကျီးမနိုးကွင်းအတွင်းရှိ ကွင်းအမှတ်(၈၀၉)ရေအိုးစင်မြောက်ကွင်း၊ ဦးပိုင်အမှတ်(၃/၁၊၅/၁)အတွင်း အမှတ်(၄၃၉) ခြေမြန်တပ်ရင်းမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံမြေ(၈၀)ဧကအား မူလလုပ်ပိုင်ခွင့်ရ တောင်သူ(၁၉)ဦး၏ လက်ဝယ်သို့ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းညွန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သောင်းတို့က အသီးသီးပေးအပ်ခဲ့ပြီး လုပ်ပိုင်ခွင့်ပြုလက်မှတ်ရ တောင်သူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
ဖြူ းမြို့နယ်အတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်မြေ(၁.၉၀)ဧကကို မူလပိုင်ရှင်(၃)ဦး သို့လည်းကောင်း၊ သားသုံးသူရေးရာဦးစီးဌာနမှ စွန့်လွှတ်မြေ(ဝ.၀၈၁)အား မူလပိုင်ရှင်(၁)ဦးသို့လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)မှ စွန့်လွှတ်မြေ (၆၂)ဧကအား တောင်သူ(၁၆)ဦးသို့လည်းကောင်း၊ အမှတ်(၅) ခြေလျင်တပ်ရင်းမှ စွန့်လွှတ်မြေ(၆၄.၈၀) ဧကအားတောင်သူ(၁၅)ဦးသို့လည်းကောင်း၊ အမှတ်(၃၀၆)ခြေမြန်တပ်ရင်းမှ စွန့်လွှတ်မြေ(၂၀၀.၄၃)ဧကအား တောင်သူ(၁၈)ဦးသို့လည်းကောင်း၊ အမှတ်(၃၀၇)ခြေမြန်တပ်ရင်းမှ စွန့်လွှတ်မြေ (၁၃၇.၅၇)ဧကအား တောင်သူ(၁၉)ဦးသို့လည်းကောင်း ဝန်ကြီးဌာနများနှင့် တပ်ရင်းတပ်ဖွဲ့များမှ ပြန်လည်စွန့်လွှတ်မြေ စုစုပေါင်း(၄၈၄.၆၁)ဧကအား မူလပိုင်ရှင်/တောင်သူများ၏လက်ဝယ်သို့ ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ တောင်သူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။