Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပစေရေး တွေ့ဆုံညှိနှိုင်း

ပြည်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပစေရေး တွေ့ဆုံညှိနှိုင်း

နိုဝင်ဘာ ၇ (ပြည်)
===============

နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၉)အချိန်က ပြည်မြို့၊ လမ်းဦးစီးဌာန၊ နဝဒေးဧည့်ရိပ်သာ  အစည်းအဝေးခန်းမ၌ ပြည်မြို့၊ ကမ်းနားလမ်း သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်မြို့ရှိ ကမ်းနားလမ်းသည် နိုင်ငံခြားသား ခရီးသွားများနှင့် ဒေသခံပြည်သူတို့အတွက် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ကမ်းနားလမ်း အဆင့်မြှင့်တင်နိုင်မှသာ ပြည်မြို့၏ အဓိကစိတ်ဝင်စားဖွယ်ရာ နေရာတစ်ခုဖြစ်လာနိုင်ကြောင်း၊ ပြည်မြို့တည်ရှိရာ သရေခေတ္တရာသည် ပုဂံခေတ်ထက်စော၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများ တိုးတက်ခဲ့ကြောင်း၊ ပြည်ဒေသသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် မဟာဗျူဟာအရ အလွန်အရေးပါပြီး၊ ပဲခူးတိုင်းဒေသကြီးအတွက် ဂုဏ်ယူစရာ ရှေးဟောင်းမြို့တော်ကြီးတစ်ခုဖြစ်၍ တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးဇော်မိုးလွင်က ပြည်မြို့အတွင်းရှိ လမ်းများအား ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ဒီဇိုင်းရေးဆွဲ ဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးကျော်သူရနှင့် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသူရမြင့်သူတို့က ပြည်မြို့အား အာဆီယံနိုင်ငံအဆင့်မီ မြို့ပြတစ်ခုအဖြစ် ဆောင်ရွက်သွားမည့် စီမံချက်အသေးစိတ်အား Power Point ဖြင့် လည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်မှ ပြည်မြို့အား အာဆီယံအဆင့်မီ မြို့ပြတစ်ခုအဖြစ် ဆောင်ရွက် ရန် စီစဉ်နေမှုအား ဒေသခံပြည်သူများလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ မည်သည့်လုပ်ငန်း စီမံချက်ကိုမဆို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ ပြည်သူများကိုယ်တိုင် မိမိတို့မြို့ပြများ သန့်ရှင်းသာယာလှပစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေရန်အတွက် အသိပေးစည်းရုံး သွားရန်နှင့် မည်သည့်ကိစ္စကိုမဆို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ပြည်မြို့၊ ကမ်းနားလမ်းအား ရန်ကုန်-ပြည်ကားလမ်းမှ စာတိုက်တန်းလမ်းအထိ ပေ (၃၅၂၅)ပေအား (၂၄)ပေအကျယ် စတင် တိုးချဲ့အဆင့်မြှင့်ဆောင်ရွက်နိုင်ရေး အောက်တိုဘာလ (၁၅)ရက်နေ့တွင် ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ ပထမအကြိမ် တွေ့ဆုံညှိ နှိုင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြင်ပအင်ဂျင်နီယာပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။