Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပြည်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

    နိုဝင်ဘာ ၈ (ပြည်)

=============

နိုဝင်ဘာ (၈)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပြည်မြို့၊ ခေတ္တရာရတနာ မြို့တော်ခန်းမ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်ကြီး(၃)ရပ်ဟာ အရေးပါလှပြီး အပြန်အလှန် အမှီပြုနေတာလည်း တွေ့ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်အရ ပြည်သူများရဲ့ အခန်းကဏ္ဍဟာ အထူးအလေးထားရမှာဖြစ်ပြီး ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု (Public Participation) ကောင်းလေလုပ်ငန်းများ ပိုမိုအောင်မြင်လေဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ Media များရဲ့ ပံ့ပိုးကူညီမှုဟာလည်း များစွာအရေးပါတာကို တွေ့ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ မရင့်ကျက်မှုတွေကို စိတ်မပျက်ဘဲ အပြောင်းအလဲ တစ်ရပ်ကို အောင်မြင်အောင် ဇွဲရှိရှိနဲ့ ချီတက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ “ပြည်သူနဲ့အတူ” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ပြည်သူများနားလည်အောင်၊ ပူးပေါင်းအောင်၊ ဥပဒေလေးစားလိုက်နာအောင် ကြိုးစား ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် အုပ်ချုပ်ရေးကဏ္ဍ၏ အသေးငယ်ဆုံးသော အစိုးရဖြစ်ပြီး ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေကြ၍ မှန်မှန်ကန်ကန်နှင့် ကိုယ့်ကိုအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များအတိုင်း စေတနာထား ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း၊ လယ်ယာမြေများအတွင်း ခွင့်ပြုချက်မရှိ၊ စည်းကမ်းမဲ့ နေအိမ်၊ စက်ရုံစသည့် အခြားနည်းများ အသုံးပြုနေမှုကို အချိန်မီ တားမြစ်ကြရန် နှင့်  သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ရုံး၊ အုပ်ချုပ်ရေးရုံးများသို့ သတင်းပေးပို့ကြရန် လိုအပ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း လုပ်ငန်းဆောင်ရွက်မှုများအား ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေနှင့် ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေ ၁၂(ဆ)ပါအတိုင်း သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံဉာဏ်ရယူခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ကြဖို့ လွှတ်တော်ကိုယ်စားလှယ်ရုံးများနှင့် ဆက်သွယ်ကြဖို့လည်း တိုက်တွန်းပြောကြားလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ်တို့မှ တက်ရောက်လာကြသူများက အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ အသီးသီးတင်ပြဆွေးနွေးရာ၊ ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်၊ မြို့(၁၁)မြို့၊ ရပ်ကွက်(၅၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၈၉)အုပ်စုရှိပြီး လက်ရှိ နိုင်ငံတော်မှ မျှော်မှန်းဖော်ဆောင်လျက်ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ရည်မှန်းချက်ပန်းတိုင်များအား လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်တတ်သည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရရှိကျင့်သုံး နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။