Home / ကြို့ပင်ကောက်မြို့နယ် / ကြို့ပင်ကောက်မြို့၌ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံပွဲကျင်းပပြုလုပ်

ကြို့ပင်ကောက်မြို့၌ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံပွဲကျင်းပပြုလုပ်

နိုဝင်ဘာ ၉ (ကြို့ပင်ကောက်)
=============

နိုဝင်ဘာ (၉)ရက်နေ့၊ နံနက် (၉)နာရီအချိန်က သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က အုပ်ချုပ်ရေးရဲ့ သဘောသဘာဝအရ ပြည်သူများ စည်းကမ်းတကျရှိအောင် တာဝန်ခံစိတ်၊ တာဝန်သိစိတ်ဖြစ်အာင် ပူးပေါင်းဆောင်ရွက် တတ်အောင် ဥပဒေနှင့်အညီ ထိန်းကြောင်းနေရတာဖြစ်လို့ အနည်းနှင့်အများ အခက်အခဲ ကြုံရမှာဖြစ်ကြောင်း၊ ဒီအခက်အခဲတွေကို ကျော်လွန်နိုင်အောင် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေလေ့လာပြီး မိမိတို့ရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု အပိုင်းတွေနဲ့ ဦးတည် ဆောင်ရွက်ကြရမှာဖြစ်ပြီး ကိုယ်တာဝန် ကိုယ်ကျေကြဖို့လိုကြောင်း၊ မိမိတို့ခရိုင်အတွင်းရှိ မြေယာမှုခင်းကိစ္စရပ်များအား နိုဝင်ဘာလအတွင်း အပြီးဆောင်ရွက်ကြရန် လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်နှင့် ပြည်သူအားကိုးလောက်သည့် ဌာနဆိုင်ရာများဖြစ်လာစေရန် အထူးမှာကြားလိုကြောင်း၊ မည်သည့်လူပုဂ္ဂိုလ်/ အဖွဲ့အစည်းကိုမဆို နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးကာလတွင် လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိပါက လက်တွဲဖြုတ်ခဲ့ရမှာဖြစ်ကြောင်း၊ ဒေသအုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေး၊ မြေယာစီမံခန့်ခွဲရေးနှင့် စီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ အားလုံးပူးပေါင်းပြီး ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ မြေယာကိစ္စများနှင့် ပတ်သက်၍ ကာလဒေသနှင့်ကိုက်ညီသည့် အခွန်အခများဖြစ်စေရန် ဥပဒေပြုရေးအပိုင်းအား လွှတ်တော်တွင်လည်း ဆွေးနွေးလျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အထူးသတိပေး ပြောကြားလိုတာက မိမိတို့ရပ်ရွာ/ဒေသများ၌ မူးယစ်ဆေးဝါး၊ အလောင်းကစား နှင့် လူကုန်ကူးမှုများ၊ အနိုင်ကျင့်မှုများစသည့် ရပ်ရွာဒေသ တည်ငြိမ်အေးချမ်းရေး ထိခိုက်စေမှု များကို ဥပဒေနှင့်အညီ တိတိကျကျ ဖမ်းဆီးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ အဂတိလိုက်စားမှုကိုလည်း လုံးဝခွင့်လွှတ်လိမ့်မည်မဟုတ်ကြောင်း၊ တတိယအကြိမ် ပြင်ဆင်ခဲ့သည့် ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေ ၁၂(ဆ)ပါအတိုင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ စသည့်လုပ်ငန်းဆောင်ရွက်မှုများအား သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံဉာဏ်ရယူခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ကြဖို့ လွှတ်တော်ကိုယ်စားလှယ်ရုံးများနှင့် ဆက်သွယ်ကြဖို့လည်း တိုက်တွန်း ပြောကြားလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ တက်ရောက်လာကြသူများက အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ အသီးသီး တင်ပြဆွေးနွေးရာ၊ ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်၊ မြို့(၁၂)မြို့၊ ရပ်ကွက်(၇၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၉၆)အုပ်စုရှိပြီး တိုင်းပြည်၏ အရွေ့အပြောင်းကာလတွင် လျှောက်လှမ်းနေသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်၏ အခြေခံကျသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စများအား လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်တတ်သည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရရှိကျင့်သုံး နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။