Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

နိုဝင်ဘာ ၂၀ (ပဲခူး)
=================

ပဲခူးမြို့ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှုး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်များကိုယ်တိုင်သိရှိရန်နှင့် မိဘ/အုပ်ထိန်းသူများ၊ ရပ်ရွာပြည်သူလူထုများ သိရှိနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးမြို့ အမှတ်(၁)မူကြိုကျောင်းမှ သားငယ်/သမီးငယ်များက “မမပုသိမ်သူ”၊ “လတ်တီး” သီချင်းများဖြင့်လည်းကောင်း၊ အမှတ်(၂)မူကြိုကျောင်းမှ သားငယ်/သမီးငယ်များက “ချစ်ခြင်းတရားနှင့်ပြည်ထောင်စု”၊ “ပြုံးပြုံးလေး”သီချင်းတို့ဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြပြီး လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဥပဒေချုပ်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က သီဆိုဖျော်ဖြေကြသည့် သားငယ်/သမီးငယ်များအား လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး တစ်လအကြာ ၁၉၉၁ခုနှစ် သြဂုတ်လ(၁၅)ရက်နေ့တွင် စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ (UNCRC)အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်နိုင်ရန် ကလေးသူငယ်ဥပဒေ(Child Law)ကို ၁၉၉၃ခုနှစ် ဇူလိုင်လ(၁၄)ရက်တွင်ပြဌာန်းခဲ့ပြီး ကလေးသူငယ်နည်းဥပဒေကို ၂၀၀၁ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် ဆက်လက်ပြဌာန်းနိုင်ခဲ့ကြောင်းသိရသည်။
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ ကလေးများ၏ပတ်ဝန်းကျင်တွင် တွေ့ကြုံခံစားနေကြရသော အကြမ်းဖက်ခံရခြင်း၊ မတော်တရားပြုမှုခံရခြင်း၊ လျစ်လျူရှုခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်း၊ အမြတ်ထုတ်ခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်သည်။ ကလေးသူငယ်များ၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်မြှင့်တင်ပေးခြင်းသည် မိသားစုအပါအဝင် နိုင်ငံအနာဂါတ်အတွက်ရင်းနှီးမြှုပ့်နှံမှု ပြုလုပ်ခြင်းဖြစ်ပြီး အရည်အသွေးပြည့်ဝသောဘက်စုံဖွံဖြိုးမှုရရှိသည့် နိုင်ငံသားကောင်းရတနာများသည် သဘာဝသယံဇာတ အရင်းအမြစ်များထက်ပင် အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဥပဒေချုပ်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မူကြိုသားငယ်/သမီးငယ်များနှင့် မိဘများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်းသတင်းရရှိသည်။