Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ကျွန်းကြိုးဝိုင်း-ဒေါက်တာဘရန်းဒစ်ကျွန်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ကျွန်းကြိုးဝိုင်း-ဒေါက်တာဘရန်းဒစ်ကျွန်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှု

ဒီဇင်ဘာ ၂ (ပြည်)
==================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်(၈)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပြည်မြို့၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ပြည်ကျွန်းကြိုးဝိုင်း-ဒေါက်တာဘရန်းဒစ်ကျွန်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးထိုက်လွင်ဦးက ပြည်ကျွန်းကြိုးဝိုင်းအတွင်း ကျွန်းပင်များစိုက်ပျိုးထားရှိမှု၊ ထိန်းသိမ်းထားရှိမှုနှင့် ကြိုးဝိုင်း၏အခြေအနေအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ပြည်ကျွန်းကြိုးဝိုင်းအတွင်း ပြည်တွင်း ပြည်ပခရီးသွားပြည်သူများ လာရောက်လေ့လာအပန်းဖြေနိုင်အောင် စနစ်တကျပြင်ဆင်ဆောင်ရွက်ထားဖို့လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး သစ်တောကြိုးဝိုင်းအတွင်း လှည့်လည်ကြည့်ခြင်း ဂျာမန်နိုင်ငံသား ဒေါက်တာဘရန်းဒစ် စမ်းသပ်စိုက်ပျိုးထားရှိသော သက်တမ်းနှစ်(၁၆၁)နှစ်ရှိ ကျွန်းပင်ကြီးအား ကြည့်ရှု့လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ကျွန်းတောဆင်စခန်းသို့သွားရောက်ပြီး ဆင်များအား အစားကျွေးမွေးခဲ့ကြသည်။
ပြည်ကျွန်းကြိုးဝိုင်း-ဒေါက်တာဘရန်းဒစ်ကျွန်းစိုက်ခင်းသည် (၇၈)ဧက(၃၁.၅၇ ဟတ်တာ)ကျယ်ဝန်းပြီး ပြည်မြို့၏တောင်ဘက် (၆)ဖာလုံခန့်အကွာ ရန်ကုန်-ပြည်ကားလမ်းဘေး မိုင်တိုင် (၁၇၆/၆မှ၁၇၇/ဝ)အတွင်းတည်ရှိသည်။ ကျွန်း၊ ပျဉ်းကတိုး၊ ရုံး၊ နဘဲ၊ ဒီဒူး၊ ပေါက်၊ စစ်၊ သစ်ပုဂံ၊ ဂွေးနှင့် အောက်ပေါင်းများအနေဖြင့် ပေါက်နွယ်၊ ငန်းစွယ်ပင်၊ ဘိစပ်စသည်တို့ပေါက်ရောက်ပြီး ဝါးများအနေဖြင့်မျှင်ဝါးကျစ်ရုံးတွေ့ရှိရသည်။
အဆိုပါ ကြိုးဝိုင်းဧရိယာအားလုံးအား ဂျာမန်ရုက္ခဗေဒပညာရှင် ဒေါက်တာဘရန်းဒစ်မှ(၁၈၅၇)ခုနှစ်တွင် စိုက်ပျိုးခဲ့ပြီး နှစ်(၈၀)ခန့်အကြာ (၁၉၃၈)နှစ်တွင် ဦးဆုံးအရွယ်ရောက်ရှိလာကာ အပင်များအားပြုစုခြင်းနည်းစနစ် စမ်းသပ်ရန်အတွက်(၅)ဧကအား အပြောင်လှဲပြီး ကျွန်းပင်ပေါက်နှင့် မျိုးဆက်ခြင်းနည်း (Regenerated by Seedling)ဖြင့်ဆောင်ရွက်ခဲ့ရာ မအောင်မြင်ခဲ့ပေ။ တစ်ဖန်(၁၉၄၀)ခုနှစ်တွင် (၇)ဧကအား ပဝတ္တိနည်း (Artificial Regeneration)ဖြင့်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များကြောင့် ဧရိယာအချို့ ပျက်ဆီးခဲ့သဖြင့် အဆိုပါပျက်ဆီးဧရိယာများနှင့်အတူ (၁၉၃၈)ခုနှစ်က မအောင်မြင်ခဲ့သည့်ဧရိယာတို့အား (၁၉၄၈)ခုနှစ်တွင် ပဝတ္တိနည်းဖြင့်(၁၂)ဧကပြန်လည်စိုက်ပျိုးခဲ့သည်။ ၎င်းနောက် ၁၉၅၄ခုနှစ်မှစ၍ နှစ်စဉ်(၅)ဧကနှုန်းဖြင့် ၁၉၆၀ခုနှစ်အထိပြန်လည်စိုက်ပျိုးခဲ့ရာ ယခုလက်ရှိတွင် (၇၈)ဧကရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျွန်းကြိုးဝိုင်းအတွင်း ဂျာမန်ရုက္ခဗေဒပညာရှင် ဒေါက်တာဘရစ်းဒစ် စမ်းသပ်စိုက်ပျိုးခဲ့သောကျွန်းပင်များအနက်မှ ကျွန်းပင်တစ်ပင်သည် သက်တမ်း(၁၆၁)နှစ်၊ လုံးပတ်(၁၅ပေ၈လက်မ)၊ အမြင့်(၁၁၇)ပေရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စိုက်ပျိုးပင်များအနက် သက်တမ်းအရင့်ဆုံး၊ လုံးပတ်အကြီးဆုံးအပင်ဖြစ်ကြောင်းသိရသည်။ ၎င်းကျွန်းပင်ကြီးအပါအဝင် အဆိုပါကြိုးဝိုင်းအတွင်းရှိ ကျွန်းပင်နှင့်အခြားအပင်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်မြို့နယ် သစ်တောဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။