Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပပြုလုပ်

ဒီဇင်ဘာ ၃ (ပဲခူး)
====================

ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက “စဉ်ဆက်မပြတ်ဖွံ့ဖြိုးပြီး ကြံ့ခိုင်သန်စွမ်းသော လူ့အဖွဲ့အစည်းများ ဖန်တီးဆောင်ရွက်ရာတွင် မသန်စွမ်းသူများ အပြည့်အဝ ပေါင်းစည်းပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မသန်စွမ်းသူများအပါအဝင် မိဘပြည်သူတစ်ရပ်လုံး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများက မသန်စွမ်း အဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းပြီး မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေးတို့ကို အလေးဂရုပြု ဖော်ထုတ်အသိအမှတ်ပြု ကြိုးပမ်းဆောင်ရွက်ကြရန်” အဖွင့်အမှာစကား ပြောကြားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးက ဖတ်ကြားသည်။
ထို့နောက် သံစဉ်ပန်း မသန်စွမ်းအနုပညာလှုပ်ရှားမှုအဖွဲ့မှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ချီးမြှင့်ငွေနှင့်လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ ကျောင်းသား/သူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
၁၉၉၂ခုနှစ်မှစတင်ပြီး နှစ်စဉ်ဒီဇင်ဘာလ(၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံတွင်မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်စွမ်းတို့ကို လူ့အဖွဲ့အစည်းအတွင်း သိရှိအလေးထားလာစေရန် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ၁၉၉၄ခုနှစ်ကစတင်ပြီး နှစ်စဉ်အစဉ်အလာမပြတ် ဂုဏ်ပြုကျင်းပခဲ့သည်မှာ ယခု၂၀၁၈ခုနှစ်တွင်(၂၅)ကြိမ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယခုနှစ်၏ ဦးတည်ချက်ဆောင်ပုဒ်သည်”အားလုံးတုညီ အခွင့်အရေးရရှိရေး မသန်စွမ်းသူများ အစွမ်းမြှင့်တင်ပေး”ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊တရားသူကြီးချုပ်ဦးမောင်မောင်ရွှေ၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ကြီးလှမျိုးရွှေ၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ကြည်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ မသန်စွမ်းသူများအဖွဲ့မှ တာဝန်ရှိသူများနှင့် မသန်စွမ်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။