Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်

ဒီဇင်ဘာ ၆ (ပဲခူး)
========================

ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီမှကြီးမှုးပြီး ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့ သီရိဟံသာခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအား Video Clipဖြင့်ပြသပေးသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုးဒေါ်မြင့်မြင့်ကြည်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးအကြမ်းဖက်ခြင်း ဆိုင်ရာများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဒေါ်သန်းသန်းအေးက အကြမ်းဖက်ခံရသော အမျိုးသမီးများအပေါ် ကူညီပေးနိုင်မှုနှင့်ပတ်သက်၍လည်းကောင်း၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှုးရဲမှုးမောင်မောင်ဝင်းက လူကုန်ကူးမှုဆိုင်ရာ ကြိုတင်ကာကွယ်တားဆီးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာချိုချိုအောင်က မျိုးဆက်ပွား ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ လည်းကောင်း၊ Legal Clinic Myanmar(ဥပဒေရေးရာ ကုစားရေးမြန်မာ)အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေဝင်းက အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ မသန်စွမ်းသူများ အကြမ်းဖက်ခံရခြင်းမှ လျှော့ချနိုင်ရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးအကြံပြု တင်ပြကြသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုကို “အကြမ်းဖက်မှုပပျောက်ရေး အမျိုးသမီးအသံနားထောင်ပေး” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများ၏ ရင်တွင်းစကားသံများကိုနားထောင်ကာ နည်းမျိုးစုံဖြင့်အကြမ်းဖက်မှု တာဆီးကာကွယ်ရေး လုပ်ငန်းစဉ်များအား တာဝန်ရှိဌာနများအပြင် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းပါဝင်ဆောင်ရွက်ကြရန် လိုကြောင်းသိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးအရေးကို တက်ကြွစွာဆောင်ရွက်နေသော အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။