Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာစွန့်လွှတ်မြေများအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံလာမှုအပေါ် မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်

ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာစွန့်လွှတ်မြေများအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံလာမှုအပေါ် မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်

ဒီဇင်ဘာ ၂၀ (ပဲခူး/ဝေါ)
===============

ဒီဇင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှုးရုံး အစည်းအဝေးခန်းမ၌ အသုံးပြုရန်မရှိသည့် စွန့်လွှတ်မြေများအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံလာမှုအပေါ် ဝင်္ဂဘော်ကျေးရွာနေ မူလတောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းနှင့် လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီ ဥက္ကဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများအတွက် တောင်သူများ နစ်နာမှုမရှိစေရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီး တောင်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲများအား ဦးစားပေးဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် လုပ်ပိုင်ခွင့်ပြန်လည် ရရှိသည့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် အရည်သွေးပြည့်မီသော အသီးအနှံများ ထွက်ရှိအောင် စိုက်ပျိုးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူ လယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးနေသလို တောင်သူများအနေဖြင့်လည်း ဥပဒေနှင့်အညီ တောင်သူအချင်းချင်း စည်းလုံးညီညွတ်စွာ စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ သားစဉ်မြေးဆက် လုပ်ကိုင်ခွင့်ရရှိစေရန် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးမြို့နယ် ဝင်္ဂဘော်ကျေးရွာအုပ်စု၊ ဝင်္ဂဘော်ကျေးရွာ ကွင်းအမှတ်(၅၆၂) မင်းသားလေးကွင်းအတွင်းရှိ  အမှတ်(၅၉)ခြေလျှင်တပ်ရင်းမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံမြေ (၅၃.၅၀)ဧကအား မူလလုပ်ပိုင်ခွင့်ရ တောင်သူ(၁၁)ဦး၏ လက်ဝယ်သို့ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)အား ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ အစိုးရအဖွဲ့အတွင်းရေးမှုး ဦးတိုးဝင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ အသီးသီးပေးအပ်ခဲ့ပြီး လုပ်ပိုင်ခွင့်ပြုလက်မှတ်ရ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှုးရုံးသို့ သွားရောက်ပြီး ဝေါမြို့နယ် ပန်းညိုကျေးရွာအုပ်စုအတွင်း အမှတ်(၁၀၁)ခြေမြန်တပ်ရင်းမှ ပိုလျှံ၍ စွန့်လွှတ်မြေ(၈၃.၇၆)ဧကအား တောင်သူ(၁၅)ဦးသို့လည်းကောင်း၊ လက်ပံကျေးရွာအုပ်စုအတွင်း အမှတ်(၃၁၀)အမြှောက်တပ်မှ ပိုလျှံစွန့်လွှတ်မြေ(၂၇.၆၇)ဧကအား တောင်သူ(၁၄)ဦးသို့လည်းကောင်း၊ စိုင်တီစုကျေးရွာအုပ်စုအတွင်း ဝေါမြို့နယ်ရဲတပ်ဖွဲ့မှ စွန့်လွှတ်မြေ(၄.၂၁)ဧကအား တောင်သူ(၁)ဦးသို့လည်းကောင်း၊ အဘားကျေးရွာအုပ်စုအတွင်း မြစ်ကျိုးနယ်မြေရဲစခန်းမှ စွန့်လွှတ်မြေ (၂၃.၉၃)ဧကအား တောင်သူ(၆)ဦးသို့လည်းကောင်း၊ ခင်တန်ကြီးကျေးရွာအုပ်စုအတွင်း မြစ်ကျိုးနယ်မြေရဲစခန်းမှ စွန့်လွှတ်မြေ (၃၀.၆၅)ဧကအား တောင်သူ(၆)ဦးသို့လည်းကောင်း ပြန်လည်လွှဲပြောင်းပေးအပ်ပြီး ယာယီလုပ်ပိုင်ခွင့်ပုံစံ(၃) လက်မှတ်များ ထုတ်ပေးခဲ့ကြောင်းသိရသည်။
ပဲခူးမြို့နယ်အတွင်းတွင် တပ်မတော်မှပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ(၆၆၂.၉၈)ဧကအနက် (၆၀၉.၄၈)ဧကအား ယခင်ကကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူပေါင်း(၁၄၀)ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပြီး ယခုထပ်မံကျန်သည့် မြေဧရိယာ(၅၃.၅၀)ဧကအား တောင်သူ(၁၁)ဦးသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး ဝေါမြို့နယ်အတွင်း တပ်မတော်မှ မူလပိုင်ရှင်များသို့ ပြန်လည်စွန့်လွှတ်ပေးခဲ့သည့် ကျေးရွာအုပ်စု(၈)အုပ်စုမှ မြေဧရိယာ(၂၄၀၅.၀၁)ဧကအနက်မှ လယ်မြေ(၂၁၅၈)ဧကကို တောင်သူပေါင်း(၃၀၉)ဦးသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပြီး ယခုဆက်လက်၍ ကျေးရွာအုပ်စု(၅)အုပ်စုမှ စွန့်လွှတ်မြေ(၁၇၀.၂၂)ဧကအား တောင်သူများလက်ဝယ်သို့ ထပ်မံ၍ လွှဲပြောင်းပေးအပ်ပြီး ယာယီပုံစံ(၃)ထုတ်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။