Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအရောင်းစင်တာ ဖွင့်ပွဲကျင်းပပြုလုပ်

ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအရောင်းစင်တာ ဖွင့်ပွဲကျင်းပပြုလုပ်

ဇန်နဝါရီ ၆ (သဲကုန်း)
=======================

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ဝက်ပုတ်ကျေးရွာတွင် ဇန်နဝါရီလ(၆)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြည်သူ/ပြည်သားများ အန္တရာယ်ကင်းသောအစားအစာများ ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအရောင်းစင်တာ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က လမ်းညွှန်အမှာစကားပြောကြားကြပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအရောင်းစင်တာအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အရောင်းစင်တာအား လှည့်လည်ကြည့်ရှုကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ စားဖိုဆောင်သီးနှံနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစသည့်သီးနှံမျိုးစုံ စုံလင်စွာစိုက်ပျိုးလျှက်ရှိပြီး ဟင်းသီးဟင်းရွက်ကို မိုးရာသီတွင်(၄၁၃၄၇)ဧက၊ ဆောင်းရာသီတွင် (၁၀၀၂၈၂)ဧက၊ စုစုပေါင်း(၁၄၁၆၂၉)ဧက စိုက်ပျိုးလျှက်ရှိသည်။ ဝက်ပုတ်ဇုန်၊ ပုတီးကုန်းဇုန်၊ မင်းလှဇုန်၊ ဒိုက်ဦးဇုန်တို့သည် ဟင်းသီးဟင်းရွက်အများစု စိုက်ပျိုးသောနေရာများဖြစ်ပြီး ဒေသအတွင်းစားသုံးမှု ဖူလုံသည့်အပြင် တိုင်းနှင့်ပြည်နယ်အလိုက် ဖြန့်ဖြူးပေးလျှက်ရှိရာ ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခုနှစ်ကပင် တိုင်းဒေသကြီးဘတ်ဂျက်မှ ကျခံသုံးစွဲပြီး Organic ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးအတွက် ဟင်းသီးဟင်းရွက်အများစု စိုက်ပျိုးသော တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပြည်၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ မင်းလှ၊ အုတ်ဖို စသည့်မြို့နယ် (၁၁)မြို့နယ်ရွေးချယ်ပြီး Organic ဟင်းသီးဟင်းရွက်စံပြကွက်များ ဖော်ဆောင်စိုက်ပျိုးခဲ့သည်။ ယခု၂၀၁၈-၂၀၁၉ ခုနှစ်တွင်လည်း မြို့နယ်(၁၁)မြို့နယ်တွင် Organic ဟင်းသီးဟင်းရွက်စံပြကွက်များ ဆက်လက်စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသတွင်းပြည်သူ/ပြည်သားများ ဝယ်ယူစားသုံးရန်နှင့် အခြားဒေသမှ ခရီးသွားပြည်သူ/ပြည်သားများ အန္တရာယ်ကင်းရှင်းသော အစားအစာများလွယ်ကူစွာဝယ်ယူ စားသောက်နိုင်ရေးအတွက် Mobile Shop(၁၄)ဆိုင်ကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး အချက်အချာကျသည့် ဒိုက်ဦးမြို့နယ်တွင် ဘိုင်းဒါး၊ ညောင်လေးပင်မြို့နယ်တွင် ပြွန်တန်ဆာ၊ အုတ်တွင်းမြို့နယ်တွင် ဥယျဉ်တော်၊ တောင်ငူမြို့နယ်တွင် တောင်ငူမြို့တွင်း၊ ထန်းတပင်မြို့နယ်တွင် ဇရပ်ကြီး၊ မင်းလှမြို့နယ်တွင် ရွှေဝါမြိုင်၊ ရှမ်းစု၊ အုတ်ဖိုမြို့နယ်တွင် ပြည်တော်သာ၊ သဲကုန်းမြို့နယ်တွင် ပုတီးကုန်း၊ ဝက်ပုတ်၊ ပြည်မြို့နယ်တွင် ပြည်မြို့ထဲ၊ ဇီးအုပ်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်ရုံးရှေ့၊ ရွှေတောင်မြို့နယ်တွင် ဝါးလည်ရွာ စသည့်မြို့နယ်(၁၁)မြို့ရှိ နေရာ(၁၄)နေရာတို့၌ ဆောက်လုပ်ထားရှိပေးခဲ့ပြီး ယခုဝက်ပုတ်တွင်(၁)ဆိုင်၊ ပုတီးကုန်းတွင်(၁)ဆိုင် ဖွင့်လှစ်ရောင်းချမည်ဖြစ်ရာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေအဖြင့် မိမိတို့စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများကို စားသုံးသူလက်ဝယ် တိုက်ရိုက်ရောက်အောင် ရောင်းချနိုင်သည့်စနစ်ဖြစ်ကြောင်း သတင်းရရှိသည်။