Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝိသာခါကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲကျင်းပ

ဝိသာခါကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲကျင်းပ

ဇန်နဝါရီ ၉ (ပဲခူး)
======================

ပဲခူးမြို့နယ် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရွှေမင်းဂံ၌ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၈)နာရီအချိန်က ဝိသာခါကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မေသက်နွယ်နှင့် မတည်အလှူရှင် ဒေါ်ထိုက်ထိုက်ဟန်တို့က ဝိသာခါကျောင်းဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ထို့နောက် အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က အနာဂတ်နိုင်ငံတော်ကို ပုံဖော်ပေးမည့် မျိုးဆက်သစ်လူငယ်များအတွက် အေးချမ်းသာယာပြီး လုံခြုံချောမွေ့စွာ ပညာသင်ယူနိုင်ရန်အတွက် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းပေးခြင်းသည် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကိုချစ်သည့် ကိုယ့်အမျိုးကိုထောက်ပံ့မည်ဆိုသည့် ဝံသာနုစိတ်ဓာတ်၊ အမျိုးကိုချစ်သည့် လူတွေရဲ့လုပ်ရပ်ဖြစ်သည့်အတွက် မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဝိသာခါကျောင်းဆောင် မတည်အလှူရှင် ဒေါ်ထိုက်ထိုက်ဟန်က ကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့်စာရွက်စာတမ်းများအား မတည်အလှူရှင်က ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဆရာမကြီး ဒေါ်မေသက်နွယ်ထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်းပေးသော အလှူရှင်များအား ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့အား ဝန်ကြီးချုပ် ဆုငွေချီးမြှင့်ခြင်း၊ ကျောင်းသား/သူများအတွက် အားကစားပြုလုပ်ရန် ဘောလုံးများထောက်ပံ့ပေးမှုပြုလုပ်ပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဝိသာခါကျောင်းဆောင်သည် အလျား(၇၅)ပေ၊ အနံ(၃၀)ပေရှိ RCတစ်ထပ် အဆောက်အဦဖြစ်ပြီး ဘုရားကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင်၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ မတည်အလှူ ရှင်ဒေါ်ထိုက်ထိုက်ဟန်နှင့် အလှူရှင်များ၊ ကျောင်းသားမိဘများ စုပေါင်းလှူဒါန်းသော အလှူ ငွေကျပ်(၂၄၈)သိန်းကျော်ဖြင့် ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး လုပ်ငန်းများကြီးကြပ်မှုကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ရွှေမင်းဂံသည် ၁၉၉၁ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းအဖြစ် ၂၀၁၆ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် အဆင့်တိုးမြင့်ဖွင့်လှစ်ကာ ဆရာ/မ(၁၁)ဦး၊ သူငယ်တန်းမှ အဌမတန်းအထိ ကျောင်းသား/သူ(၄၇၁)ဦး၊ တစ်ထပ်စာသင်ကျောင်းဆောင် (၃)ဆောင်ရှိကြောင်း သတင်းရရှိသည်။