Home / ကဝမြို့နယ် / ဖလေးကျေးရွာအခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

ဖလေးကျေးရွာအခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

ဇန်နဝါရီ ၁၀ (ကဝ)
====================

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ဖလေးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဖလေးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ကာလသည် ပညာရေးဌာန၏ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာဖြစ်သော အခြေခံပညာကျောင်းများနှင့် ပညာသင်ယူရာဌာနအားလုံးတွင် တည်ရှိကြသော ကျောင်းသား/သူများ၏ သင်ယူတတ်မြောက်မှုများကို သိသာထင်ရှားစွာ တိုးတက်ဖွံ့ဖြိုးလာရေးကို ဦးတည်သည့် ပိုမိုကောင်းမွန်သော သင်ကြားသင်ယူမှုများကို ဖော်ဆောင်နေချိန်၌ ဆရာ/မများ၊ ကျောင်းသား/သူများ၊ မိဘပြည်သူများအားလုံး ပူးပေါင်းလက်တွဲပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကြီး တည်ဆောက်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးစားသွားကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က အမှာစကားပြောကြားကြပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဖလေးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား/သူများအား ဂုဏ်ပြုဆုများပေးအပ်ကာ ဝန်ကြီးချုပ်မှ ကျောင်းသား/သူများ အားကစားပြုလုပ်နိုင်ရန်အတွက် ဘောလုံးများအား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့သည်။
ယင်းနောက် ဖလေးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်ဦးနှင့် ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးကျော်စိုးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျောင်းသား/သူများက ဇာတိမာန်သီချင်းနှင့်အတူ ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုဖျော်ဖြေကြကြောင်း သိရသည်။
ဖလေးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကျောင်းသား/သူ(၁၇၉)ဦးဝင်ရောက်ဖြေဆိုရာ (၁၁၀)ဦးအောင်မြင်ပြီး (၃)ဘာသာဂုဏ်ထူး(၃)ဦး၊ (၂)ဘာသာဂုဏ်ထူး(၁၂)ဦး၊ (၁)ဘာသာဂုဏ်ထူး(၇၀)ဦးရရှိပြီး စုစုပေါင်း (၆၁.၄၅)%အောင်မြင်ကြောင်းသတင်းရရှိသည်။