Home / ကဝမြို့နယ် / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မြို့နယ်(၃)မြို့နယ်ဆက်သွယ်နိုင်မည့် ကျားတက်ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မြို့နယ်(၃)မြို့နယ်ဆက်သွယ်နိုင်မည့် ကျားတက်ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၁၀ (ကဝ)
=================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်မည့် မြို့နယ်(၃)မြို့နယ် ဆက်သွယ်သွားလာနိုင်မည့် ကျားတက်ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုရာ ကျေးလက်လမ်းဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်လူနှင့် ပဲခူးခရိုင်ဦးစီးမှူး ဒေါ်စုစုလှိုင်တို့က ရှင်းလင်းတင်ပြကြသည်။
အဆိုပါတံတားအား ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း(၃၇၅)သန်းဖြင့် အရှည်(၂၅၀)ပေ အကျယ်(၁၈)ပေ ကွန်ကရစ်တံတားအဖြစ် ကဝမြို့နယ်၊ ကျားတက်ကျေးရွာအနီး ပိုင်ကျုံချောင်းအားဖြတ်၍ တည်ဆောက်မည်ဖြစ်သည်။
ကျားတက်ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးသွားပါက ပဲခူး၊ သနပ်ပင်၊ ကဝမြို့နယ်(၃)မြို့နယ်သို့ အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် အဆိုပါမြို့နယ်(၃)မြို့နယ်မှ ရပ်ကွက်/ကျေးရွာ(၂၀)၊ အိမ်ခြေ(၅၄၂၁)၊ လူဦးရေ(၂၈၅၃၇)ဦးတို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။