Home / ကဝမြို့နယ် / ပဲခူးမြစ်ကူးတံတား(ကဝ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ပဲခူးမြစ်ကူးတံတား(ကဝ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၁၀ (ပဲခူး)
========================

ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည်ဆောက်နေသည့် ပဲခူးမြစ်ကူးတံတား(ကဝ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ဦးဇော်ထွန်းနှင့် တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးတို့က ပဲခူးမြစ်ကူးတံတား(ကဝ)တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လုပ်ငန်းခွင်နှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းခွင် သို့လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ ပဲခူးမြစ်ကူးတံတား(ကဝ)သည် ကဝမြို့ရှောင်လမ်းပေါ်တွင် ၂၀၁၈(၆)လနှင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန် ပုံငွေကျပ်သန်း(၂၇၀၀)ဖြင့် အရှည်(၆၀၀)ပေ၊ အကျယ်(၃၀)ပေ၊ ပေ(၁၀၀)အခန်း(၆)ခန်း၊ (၁.၂)မီတာအချင်းရှိ ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်ထိပ်အုပ်နှင့် ကိုယ်ထည်၊ အပေါ်ထည် ပေ(၁၀၀)PCယက်မ(၆)ခန်း သံကူကွန်ကရစ်ကြမ်းခင်း လက်ရန်းတို့ဖြင့် တည်ဆောက်မည်ဖြစ်သည်။
အဆိုပါ တံတားတည်ဆောက်မှုပြီးစီးသွားပါက အုန်းနှဲ၊ သက္ကလစသည့်မြို့များမှ လာရောက်ကြသော ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်မည့် မော်ယာဉ်များ ကဝမြို့အတွင်း ဖြတ်သန်းသွားလာစရာမလိုတော့သဖြင့် မြို့တွင်း၌ ယာဉ်ကြောကြပ်တည်းပိတ်ဆို့ခြင်းကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အပြင် ရန်ကုန်တိုင်းဒေသကြီးသို့လည်း လျှင်မြန်စွာ ကုန်စည်စီးဆင်းပို့ဆောင်နိုင်မည် ကြောင်းသိရသည်။