Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးသားဖွားသင်တန်းကျောင်း ပဉ္စမအကြိမ်မြောက် သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူးသားဖွားသင်တန်းကျောင်း ပဉ္စမအကြိမ်မြောက် သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကျင်းပပြုလုပ်

ဇန်နဝါရီ ၁၁ (ပဲခူး)
==================================

ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၉)နာရီအချိန်ကပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ပဲခူးသားဖွားသင်တန်းကျောင်း၏ ပဉ္စမအကြိမ်မြောက် သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက သားဖွားဆရာမအလုပ်သည် ဆယ်ကျော်သက်အရွယ်မှစတင်ပြီး ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ မွေးဖွားပြီးချိန်နှင့် မွေးကင်းစကလေးငယ်မှအစ လူနာရဲ့မိဘဆွေမျိုးအားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ခံစားနေကြရမည့် ဝေဒနာမဖြစ်ခင် ကြိုတင်ကာကွယ်ဆောင်ရွက်ရသည့် မွန်မြတ်သော အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကာကွယ်ပြုစုစောင့်ရှောက်ပေးရာမှာ သူနာပြုစုမှု့ပညာ၊ သားဖွားအတတ်ပညာတတ်ကျွမ်းမှု တစ်ခုတည်းနဲ့တင်မရဘဲ သူနာပြုသားဖွားများ၏ ကျင့်ဝတ်သိက္ခာတွေနဲ့အညီ လိုက်နာဆောင်ရွက်နိုင်ဖို့အပြင် လူအများနဲ့ပြောဆိုဆက်ဆံရာမှာ ချိုသာယဉ်ကျေးစွာ ပြုမူပြောဆိုဆက်ဆံနိုင်ဖို့ အရေးကြီးကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ်ရသင်တန်းသူများက သားဖွားဆရာမများ၏ သစ္စာဓိဌာန်ကိုရွတ်ဆိုပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစန်းက သင်တန်းသူ(၃၈)ဦးအား သားဖွားဒီပလိုမာအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ပဲခူးသားဖွားသင်တန်းကျောင်းကို ၁၉၆၀ခုနှစ်ကဖွင့်လှစ်ခဲ့ပြီး လက်မှတ်ရ သားဖွားဆရာမပေါင်း(၉၀၉)ဦး၊ ယခင်သားဖွားဒီပလိုမာ အောင်လက်မှတ်ရ(၁၅၈)ဦးနှင့် ယခု(၃၈)ဦး၊ စုစုပေါင်းသားဖွားဒီပလိုမာ (၁၉၆)ဦး အောင်လက်မှတ်ပေးအပ်ပြီးဖြစ်သည်။
အဆိုပါသင်တန်းကျောင်းတွင် ယခင်ကသားဖွားလက်မှတ်ရ (၁၈)လအတွက် ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးခဲ့ပြီး သားဖွားအောင်လက်မှတ် ထုတ်ပေးခဲ့သော်လည်း၂၀၁၂-၁၃ပညာသင်နှစ်မှစတင်ပြီး ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ် သင်ရိုးညွှန်းတမ်းဖြင့် အဆင့်မြှင့်တင် သင်ကြားပေးခဲ့ကြောင်း သိရသည်။
သားဖွားဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊ ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသူများနှင့် မိဘများတက်ရောက်ကြကြောင်း သတင်းရရှိသည်။