Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးဒေသ ရေကြီးနစ်မြုပ်မှုကာကွယ်နိုင်ရေး ဂျပန်နိုင်ငံမှ MLIT Suvery အဖွဲ့ လာရောက်တွေ့ဆုံ

ပဲခူးဒေသ ရေကြီးနစ်မြုပ်မှုကာကွယ်နိုင်ရေး ဂျပန်နိုင်ငံမှ MLIT Suvery အဖွဲ့ လာရောက်တွေ့ဆုံ

ဖေဖော်ဝါရီ ၈ (ပဲခူး)
======================

ဖေဖော်ဝါရီလ (၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးဒေသရေကြီးနစ်မြုပ်မှုကာကွယ်နိုင်ရေး ဂျပန်နိုင်ငံမှ မြေယာ၊ အဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (MLIT)၊ ပဲခူး-စစ်တောင်းမြစ်ဝှမ်းဒေသ စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းရေးဆွဲရေး Survey အဖွဲ့မှ Mr. Akira Nishimura ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Mr. Akira Nishimura က ၂၀၁၈ ခုနှစ်တွင် ပဲခူးရေကြီးမှုသည် လွန်ခဲ့သော (၅၄)နှစ်အတွင်း၌ အမြင့်ဆုံးဖြစ်ခဲ့၍ ပဲခူး-စစ်တောင်းမြစ်ဝှမ်းများ စီမံခန့်ခွဲရေးသည် အလွန်အရေးပါလာပြီဖြစ်ပါကြောင်း၊ သဘာဝဘေးကြောင့် ပျက်စီးမှု၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်များသည်လည်း ရေကြီးနပ်မြုပ်မှု၏ ဆုံးရှုံးမှုတွင် ပါဝင်ကြောင်း၊ အဓိကအားဖြင့် ပဲခူးမြစ်အထက်ပိုင်းနှင့် စစ်တောင်းမြစ်အောက်ပိုင်းတို့ကို ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဇောင်းတူတမံအထက်တွင် ထပ်မံရေထိန်းခြင်း၊ ထားဝယ်ချောင်းအား တမံပိတ်ခြင်း၊ စစ်တောင်းမြစ်အောက်ပိုင်းတွင် ရေငံတား တမံတည်ဆောက်ခြင်းစသည့် လုပ်ငန်းစဉ်များ ပါဝင်နိုင်သည့် Master Plan ရေးဆွဲ နိုင်ရေး လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က ပဲခူးမြို့သည် မြန်မာနိုင်ငံ၏ အဓိက ကုန်းတွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းပေါ်တွင်ရှိပြီး ပဲခူးမြို့ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက ကုန်စည်စီးဆင်းမှုအတွက် ထိခိုက်နစ်နာမှုရှိကြောင်း၊ ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့သည် ပင်လယ်နှင့် တိုက်ရိုက်ချိတ်ဆက်မှုများရှိနေ၍ မိုးရေချိန်များခြင်း၊ ပင်လယ်ဒီရေတက်ခြင်းတို့နှင့် တစ်ချိန်တည်းဖြစ်နေပါက ပဲခူးဒေသတွင် ရေဝင်ရောက်မှုများပြားခြင်း၊ ရေဝပ်ခြင်းများကြောင့် ရေကြီးနပ်မြုပ်မှုဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း၊ ဒါကြောင့် MLIT မှရေးဆွဲမည့် Master Plan တွင် ဆည်တမံများ ထပ်မံတည်ဆောက်ခြင်း၊ ရေလွှဲတူးမြောင်းကြီးများ ဖောက်လုပ်ခြင်း၊ ရေထိန်းကန်များ တည်ဆောက်ခြင်း စသည့် ဦးစားပေးအစီအမံဖြင့် ထည့်သွင်းရေးဆွဲစေလိုကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ MLIT မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။