Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်နဝင်းဆည်နှင့်ပတ်သက်၍ ကောလဟာလများ မယုံကြည်ကြရန် သတင်းထုတ်ပြန်ခြင်း

တောင်နဝင်းဆည်နှင့်ပတ်သက်၍ ကောလဟာလများ မယုံကြည်ကြရန် သတင်းထုတ်ပြန်ခြင်း

ဖေဖော်ဝါရီ ၈ (ပေါက်ခေါင်း)
=================

ဖေဖော်ဝါရီလ (၈)ရက်နေ့၊ ည(၁၀)နာရီအချိန်က ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ရှိ တောင်နဝင်းဆည်တမံ အက်ကြောင်းဖြစ်ပေါ်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းဆည်တမံနှင့်ပတ်သက်သော ကောလဟာလကြောင့် ပြည်သူများ အထိတ်တလန့်မဖြစ်ပေါ်စေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဆည်တမံအား (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်သည့် CCTV ကင်မရာများ တပ်ဆင်ရန်၊ တမံစောင့် ကင်းများ ချထားရန်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ အလှည့်ကျ စောင့်ကြည့်ခြင်းတို့ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ တောင်နဝင်းဆည်တမံ တည်ဆောက်စဉ်က ပါဝင်ဆောင်ရွက်ခဲ့သော ဂျပန်နိုင်ငံသား ဘူမိဗေဒပညာရှင် မစ္စတာကာတိုမှ တမံအခြေအနေ စမ်းသပ်ခြင်း၊ အချိန်ပြည့်စောင့်ကြည့်များ ဆောင်ရွက်လျက်ရှိပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အတူ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကိုယ်တိုင် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိနေသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုများ မရှိကြစေရန်၊ ကောလဟာလများ မယုံကြည်ကြရန် အသိပေးအပ်ပါသည်။