Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်နဝင်းဆည် အခြေအနေများအား ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

တောင်နဝင်းဆည် အခြေအနေများအား ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

ဖေဖော်ဝါရီ ၁၀ (ပေါက်ခေါင်း)
===================

ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ နံနက် (၉)နာရီ အချိန်က ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ရပ်သစ်ကျေးရွာအုပ်စုအနီးရှိ တောင်နဝင်းဆည် ကြံ့ခိုင်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ရှေးဦးစွာ တောင်နဝင်းဆည် ရှင်လင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ဆည်တမံ၏ အက်ကြောင်းများဖြစ်ပေါ်နေ၊ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးနေမှုနှင့် မြေသားစမ်းသပ်နေသည့် အခြေအနေများ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆည်တမံနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုကြောင်း၊ ပညာရှင်များ၏ ဆန်းစပ်တွေ့ရှိချက်များ၊ ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားမည့် အခြေအနေများအား ပြည်သူများထံ ပွင့်လင်းမြင်သာစွာ ချပြပေးရန် လိုအပ်ကြောင်း၊ ဆည်တမံ၌ တပ်ဆင်ထားသည့် CCTV များကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြည်သူများ ကြည့်ရှုနိုင်ရန် ပေါက်ခေါင်းမြို့တွင် တပ်ဆင်ပေးရန်၊ ဆည်တမံ၏ အခြေအနေများအား ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် အချိန်ပြည့် ကြည့်ရှုစစ်ဆေး ဆောင်ရွက်ရန်၊ ဆွာရေလှောင်တမံကဲ့သို့အဖြစ်မျိုး မဖြစ်ပွားအောင် တမံထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ဂရုတစိုက် ဆောင်ရွက်ကြရန်၊ ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေး တမံကြံ့ခိုင်မှုများ အချိန်မီဆောင်ရွက်စေလိုကြောင်း၊ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ပြည်သူများသိရှိစေရန် အချက်ပေးစနစ် သတ်မှတ်အသိပေး ဆောင်ရွက်ရန်၊ ရေလှောင်တမံနှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် အခြေအနေကို ကြိုတင်ကာကွယ်ရေးအစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အဖွဲ့သည် ဆည်တမံပေါ်သို့ ရောက်သွားရောက်ခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ ဘူမိဗေဒ(မြေသား)စမ်းသပ်နေမှုများ၊ CCTV တပ်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ထပ်မံလမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ပေါက်ခေါင်းမြို့အနီးတစ်ဝိုက် ပတ်ဝန်းကျင်နှင့် တောင်နဝင်း၊ မြောက်နဝင်း ရေလှောင်တမံကြား အနီးတစ်ဝိုက်နေရာများတွင် ၂၀၁၈ ခုနှစ်အတွင်း အင်အားအသင့်အတင့်ရှိသော ငလျင်များလှုပ်ခဲ့ပြီး ၂၀၁၉ ဇန်နဝါရီ ၁၀ ရက် ည ၁၀ နာရီခွဲက ရစ်ခ်ျတာစကေး ၃ ဒသမ ၇ ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခဲ့ရာ တောင်နဝင်းဆည်၏ အလျား ၁၆၆၇၄ ပေရှိသည့်အနက် ရေလှောင်တမံ၏ ပေ ၅၉၀၀ နှင့် ပေ ၆၀၀၀ အကြား တမံမျက်နှာပြင်အက်ကြောင်းအနက် သုံးပေခန့်၊ အက်ကြောင်း အပေါ် အကျယ် နှစ်လက်မ၊ သုံးလက်မခန့်၊ အလျားလိုက် ပေ ၆၀ ခန့် ကွဲအက်နေပြီး အဆိုပါ တောင်နဝင်းဆည်သည် ယခုနှစ်အတွက် နွေစပါး ဧက ၆၇၀၀ ကျော်ခန့်ကို ရေပေးဝေလျက်ရှိကြောင်း သတင်းရရှိသည်။