Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပေါက်ခေါင်းမြို့နယ် ငါးမြွေဇင်းကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ

ပေါက်ခေါင်းမြို့နယ် ငါးမြွေဇင်းကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၁၀ (ပေါက်ခေါင်း)
=======================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပေါက်ခေါင်းမြို့နယ် ငါးမြွေဇင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်နှင့် ဒေသခံပြည်သူများက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာလိုအပ်ချက်များ၊ အလယ်တန်းကျောင်း စာသင်ဆောင်များ တိုးချဲ့ဆောက်လုပ်ပေးရေး၊ ပညာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ယာတည်ဆောက်ပေးရေး၊ သောက်သုံးရေးရှားပါးသည့်အတွက် သောက်သုံးရေတူးဖော်ပေးရေး၊ ကျေးလက်ဆေးခန်းထားရှိပေးရေးနှင့် ကျန်းမာရေးဝန်းထားရှိပေးရေး၊ လယ်ယာမြေများပုံစံ(၇)ထုတ်ပေးရေး၊ စိုက်ဘဏ်ချေးငွေများရရှိအောင် ဆောင်ရွက်ပေးရေး၊ ဆက်သွယ်ရေးကွန်ယက်ခက်ခဲနေသဖြင့် ဆက်ရေးတာဝါတိုင်များ တည်ဆောက်ထားရှိပေးရေးကိစ္စရပ်များ တင်ပြကြသည်။
ဒေသခံများ၏တောင်းဆိုတင်ပြချက်များအား ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က ငါးမြွေဇင်းဒေသဖွံဖြိုးရေးအတွက်မိမိနှင့်အတူဌာနဆိုင်ရာများ လာရောက်ခြင်းဖြစ်ကြောင်း၊ ငါးမြွေဇင်းကျေးရွာတွင် ကျေးရွာချင်းဆက်၊ ခရိုင်ချင်းဆက်၊ တိုင်းချင်းဆက်သွယ်သည့် လမ်းများကောင်းမွန်အောင်၊ တံတားများကောင်မွန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ဒေသခံပြည်သူများက အစိုးရနှင့်အတူ ပေါင်းစပ်ဆောင်ရွက်ပေးကြရန်လိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ငါးမြွေဇင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွက် အားကစားပစ္စည်းများအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခြင်း၊ ကျောင်းလမ်းမြေဝယ်ယူဖေါက်လုပ်ရန်အတွက် အလှူငွေကျပ်(၁၀)သိန်းအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြေကွက်ပိုင်ရှင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများသည် ပေါက်ခေါင်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှအနီးကပ်ကြီးကြပ်ဆောက်ရွက်မည့် မြို့နယ်ချင်းဆက်၊ ခရိုင်ချင်းဆက်၊ တိုင်းဒေသကြီးချင်းဆက် ငါးမြွေဇင်းတံတားတည်ဆောက်မည့်နေရာနှင့် ပျက်ဆီးသွားသောတံတားအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။