Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ခရိုင်ချင်းဆက် ငါးမြွေဇင်းတံတား တည်ဆောက်မည့်နေရာအား ကြည့်ရှု

ခရိုင်ချင်းဆက် ငါးမြွေဇင်းတံတား တည်ဆောက်မည့်နေရာအား ကြည့်ရှု

ဖေဖော်ဝါရီ ၁၀ (ပေါက်ခေါင်း)
==================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပေါက်ခေါင်းမြို့နယ် ငါးမြွေဇင်းကျေးရွာအတွင်း ခရိုင်ချင်းဆက် ငါးမြွေဇင်းတံတား တည်ဆောက်မည့်နေရာနှင့် ယခင်တံတားဟောင်း ပျက်ဆီးနေမှုအား သွားရောက်ကြည့်ရူစစ်ဆေးသည်။
တံတားဆောက်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဒေါ်ချယ်ရီမွန်နှင့် ဆောက်လုပ်ခွင့်တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်စွာ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် စေတနာထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် မကွေးတိုင်းဒေသကြီး သရက်ခရိုင်တို့ဆက်သွယ်ပြီး ယခင်တံတားဟောင်းအနီး ငါးမြွေဇင်းကျေးရွာအတွင်းဖြတ်သန်းစီးဆင်းသော မြောက်နဝင်းချောင်းပေါ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၄၂၀)သန်းဖြင့် ပေါက်ခေါင်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ Han Tharwaddy land mark Company limitedမှ တာဝန်ယူကာ အရှည်(၂၂၀)ပေ၊ အကျယ်(၂၀)ပေ၊ အမြင့်(၃၀)ပေ တည်ဆောက်မည်ဖြစ်သည်။
ခရိုင်ချင်းဆက် ငါးမြွေဇင်းတံတား ဆောက်လုပ်ပြီးစီးသွားပါက ကံကျင်းကျေးရွာအုပ်စုအတွင်းရှိ ကံကျင်းရွာ၊ ကံရွာ၊ မြေနီကုန်းရွာ၊ ကျွဲကလေးစမ်းကျေးရွာအုပ်စုအတွင်းရှိ ငါးမြွေဇင်းရွာ၊ ဒီးဒုတ်ကျေးရွာအုပ်စုအတွင်းရှိ ဒီးဒုတ်ရွာ၊ ငွေတွင်းတူးရွာ၊ ကတွတ်တောင်ရွာ၊ ဘန့်ဘွေးတောင်ကျေးရွာအုပ်စုအတွင်းရှိ ဂွမြောင်ရွာ၊ မကြီးခုံကျေးရွာအုပ်စုအတွင်းရှိ မကြီးခုံရွာ၊ ခုတ်ချောင်းရွာ၊ နွားမြောကျေးရွာအုပ်စုအတွင်းရှိ နွားမြောရွာ၊ ကျောလေးမွှာရွာ၊ ခရမ်းစပ်ကုန်းရွာ၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စုအတွင်းရှိ သစ်ဆိမ့်ပင်ရွာ စသည့် ကျေးရွာအုပ်စု( ၇ )အုပ်စုမှ ကျေးရွာ (၁၄)ရွာ အိမ်ခြေ (၁၄၈၆)အိမ်၊ လူဦးရေ (၆၀၅၇)ဦးတို့သည် ရာသီမရွေးခရီးသွားလာနိုင်မည်ဖြစ်ပြီ:၊ ဒေသအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးများအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။