Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲကျင်းပပြုလုပ်

(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၂ (ပဲခူး)
===============

ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေ(၅)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး ကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားများ ရောင်းချသော မြန်မာတိုင်းရင်းသားရိုးရာ အစားအစာများနှင့် ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ပဲခူးတိုင်းဒေသကြီးအားကစားအဖွဲ့များနှင့် (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် ဘင်ခရာနှင့် စစ်တီးဝိုင်းအဖွဲ့များအား ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ပြခန်း၊ ဌာနဆိုင်များ၏ ဌာနအလိုက် ကျန်းမာရေးပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ပညာရေးပြခန်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြခန်းများ ပြသထားခြင်း၊ ကရင်၊ ရခိုင်၊ မွန်၊ ပအိုဝ်းတိုင်းရင်းသားများ၏ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုပြခန်းများ၊တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချခြင်းများ ပါဝင်ပြသထားကြောင်း သတင်းရရှိသည်။