Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ပဲခူးမြို့တွင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၃ (ပဲခူး)
=====================

7ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဝိုင်အမ်ဘီအေခန်းမတွင် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံအထက်တန်းကျောင်း၊ ကျောင်းသား/သူများက ဗိုလ်ချုပ်အောင်ဆန်း သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးစန်းအောင်က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအဆင့် ကဗျာပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/သူများက အောင်ဆန်းဇာနည်ကဗျာဖြင့် ပြိုင်ပွဲဝင်ကြပြီး လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းကြောင်းနှင့်ပတ်သက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်လွင်လွင်သန်းက ပြောကြားသည်။
ယင်းနောက် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဆရာမကြီးဒေါ်မေသက်နွယ်နှင့် ပဲခူးခရိုင်ပညာရေးမှူးတို့က ဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား/သူများနှင့် ဆရာ/မများက ဗိုလ်ချုပ်အကြောင်း ပြသထားသော နံရံကပ်ကြော်ငြာဘုတ်များအား ကြည့်ရှုကြကြောင်း သိရသည်။
ပဲခူးမြို့ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင်လည်း လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဆရာတော်သံဃာတော်များအား အာရုံဆွမ်းဆက်ကကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်း၊ နဝကမ္မလှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပြီး ဧည့်ပရိတ်သတ်များအား ပဲပြုတ်နှင့်နံပြားများ ကျွေးမွေးလှူ ဒါန်းကြကြောင်း သတင်းရရှိသည်။