Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အထည်ချုပ်လုပ်ငန်း အလုပ်အကိုင်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်ပေါ်ထွန်းရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

အထည်ချုပ်လုပ်ငန်း အလုပ်အကိုင်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်ပေါ်ထွန်းရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မတ် ၉ (ပဲခူး)
================

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု”စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ နေပြည်တော်မှ ဦးဆောင်၍ မတ်လ(၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ ဥဿာကျော်ဟိုတယ်၌ အထည်ချုပ်လုပ်ငန်း အလုပ်အကိုင်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်ပေါ်ထွန်းရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု”စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် (NSSA)တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်တို့က စစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးမြို့ ပြည်ပစက်မှုဇုန်တာဝန်ခံ ဦးဟိန်းထက်က အထည်ချုပ်လုပ်သားအလုပ်အကိုင် (Assessment Center) တည်ထောင်နိုင်ရန် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အထည်ချုပ်ကျွမ်းကျင်လုပ်သား အလုပ်အကိုင်၏Chief Assessor i ဒေါ်လှသီတာက Garment Sewing Machine Operator အလုပ်အကိုင်အတွက် စစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက အထည်ချုပ်လုပ်သားများ လေ့ကျင့်ပျိုးထောင်နေမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားကြသည်။
အထည်ချုပ်လုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးနိုင်ခြင်း၊ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ အမြောက်အများရှာဖွေပေးနိုင်ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိသော ကျွမ်းကျင်လုပ်သား အမြောက်အများမွေးထုတ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ဖြည့်စွမ်းပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်သဖြင့် ပဲခူးတိုင်းဒေသကြီးရှိ အစိုးရဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်မှတာဝန်ရှိသူများ၊ အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် Assessment Centerတည်ထောင်နိုင်ရေးနှင့် အထည်ချုပ်လုပ်သားများကို ကျွမ်းကျင်မှုအဆင့်အထိ အသိအမှတ်ပြု လက်မှတ်များပေးအပ်နိုင်ရေးကို အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု”စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသည့် လုပ်သားများအား အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သားများအဖြစ် မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု”စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပဲခူးမြို့စက်မှုဇုန်မှ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။