Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လက်ပံတန်း-ကျွန်းကလေးလမ်းပေါ်ရှိ တံတားအမှတ်(၃/၈၉)တည်ဆောက်ခြင်းအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လက်ပံတန်း-ကျွန်းကလေးလမ်းပေါ်ရှိ တံတားအမှတ်(၃/၈၉)တည်ဆောက်ခြင်းအား ကြည့်ရှု

မတ် ၁၀ (လက်ပံတန်း)
===============

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ်လ(၁၀)ရက်နေ့ နံနက်(၈)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ လက်ပံတန်းမြို့နယ် လက်ပံတန်း-ကျွန်းကလေးလမ်းပေါ်ရှိ လက်ပံတန်းမြို့အဝင် တံတားအမှတ်(၃/၈၉)တည်ဆောက်ခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက တံတားအမှတ်(၃/၈၉) တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှလိုအပ်သည်များလမ်းညွှန်မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါတံတားသည် လက်ပံတန်း-ကျွန်းကလေးလမ်း မိုင်(၈၈/၃)နှင့်မိုင်(၈၈/၄)အကြားရှိ ယခင်သစ်သားတံတားနေရာတွင် အရှည်(၁၄၀)ပေ၊ အကျယ်(၄၀)ပေ နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်ကာ ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၅၀၄)သန်းဖြင့် IDECO Co.,Ltdမှတာဝန်ယူကာ စက်တင်ဘာလအပြီးပြန်လည် တည်ဆောက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တံတားအမှတ်(၃/၈၉)သည် လက်ပတန်း မြို့အဝင်တံတားဖြစ်ပြီး ယခင်မူလက ဘေလီတံတားဖြစ်လို့ တစ်လမ်းမောင်းတံတားဖြစ်ရာ ခံနိုင်ဝန် အကန့်အသတ်ရှိသည့်အတွက် RCC နှစ်လမ်းသွားတံတားအဖြစ် ပြန်လည်တည်ဆောက်ပေးမှာဖြစ်သဖြင့် ပြည်သူများစိတ်ချမ်းမြေ့စွာ အသုံးပြုနိုင်မှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းကပြောကြားသည်။