Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နေရာလပ်မကျန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူထုတွေ့ဆုံပွဲများကျင်းပပြုလုပ်

နေရာလပ်မကျန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူထုတွေ့ဆုံပွဲများကျင်းပပြုလုပ်

မိုးညို မတ် ၉
===================

သာယာဝတီခရိုင် မိုးညိုမြို့နယ် ဖိုးစတောကျေးရွာအုပ်စု ရတနာသီရိဓမ္မဗိမာန်ကျောင်းတိုက်၌ မတ်လ(၉)ရက်နေ့၊ နေ့လည်(၁၂) နာရီအချိန်က ဒေသဖွံ့ဖြိုးရေးနှင့် ဒေသလိုအပ်ချက်များပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ကျေးရွာများတွင် အုပ်ချုပ်ရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ မီးလင်းရေးကိစ္စရပ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့်မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဖိုးစတောကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးရွာတွင်တရားဥပဒေစိုးမိုးဖို့ဆောင်ရွက်ပေးနိုင်ပါရန်၊ မြေစာကျေးရွာအုပ်စုမှ ကမ်းပြိုခဲ့ရာမှ မြေနုကျွန်းများပေါ်ထွန်းလာရာမှ မြေဧကများပြန်လည်ခွဲဝေမှု မျှတခြင်းမရှိသောကြောင့် ပြန်လည်ဖြေရှင်းပေးနိုင်ပါရန်၊ ကျေးရွာလမ်းများအဆင့်မြှင့်တင်ပေးရန်တင်ပြရာ ဝန်ကြီးချုပ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်ဌာနဆိုင်ရာများသည် မိုးညိုမြို့နယ် ကရင်ချောင်ကျေးရွာ ဝိဇယာရာမကျောင်းတိုက်အတွင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ မိုးညိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။