Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ BBC Media Action မှ လာရောက်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ BBC Media Action မှ လာရောက်တွေ့ဆုံ

မတ် ၁၂ (ပဲခူး)
===============

မတ်လ (၁၂)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်  ဧည့်ခန်းမသို့ BBC Media Action မှ “ရွှေ့ပြောင်းသွားလာခြင်းနှင့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် လာရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။
ရှေးဦးစွာ BBC Media Action မှ Service Producer, Mr. Dipak Bhattarci က မိမိတို့အဖွဲ့သည် MRTV တွင် ထုတ်လွှင့်ရန်အတွက် “ခံစားကြည့်” အမည်ရှိ ရုပ်သံမှတ်တမ်းများ ရိုက်ကူးလျက်ရှိပြီး မြန်မာပြည်တွင်း တိုင်းရင်းသားလူမျိုးများကြား ပိုမိုယုံကြည့်မှုရရှိနေရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ရိုက်ကူးရခြင်းဖြစ်ပါကြောင်း၊ ၎င်းအစီအစဉ်တွင် ပဲခူးတိုင်းဒေသကြီး အတွင်း အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များအား ပြည်သူများသိရှိစေရန် မတ်လ (၁၆)ရက်နေ့တွင် Famous Hotel တွင် “ရွှေ့ပြောင်းသွားလာခြင်းနှင့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် ပြည်သူများနှင့်အတူ စကားဝိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်၍ လာရောက်တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်သည် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်နေရသလို တည်ဆောက်ပြီး အခြေခံအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်လည်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုများ ရရှိစေရန် ဆောင်ရွက်နေရကြောင်း၊ တစ်ဒေသနှင့်တစ်ဒေသ လူမှုရေး၊ စီးပွားရေးစသည်တို့ ကူးလူးဆက်ဆံခြင်းအားဖြင့် ယုံကြည်မှုများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ မြိုပြ၊ ကျေးလက် ဟန်ချက်ညီညီ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေရှည်၊ရေတို စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် BBC Media Action ဆောင်ရွက်မည့် စကားဝိုင်းတွင် အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးဦး ပါဝင်ဆွေးနွေးနိုင်ရေး ပြန်ကြားပေးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ BBC Media Action မှ Service Producer, Mr. Dipak Bhattarci နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။