Home / ညောင်လေးပင်မြို့နယ် / (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ညောင်လေးပင်မြို့၌ဖွင့်လှစ်

(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ညောင်လေးပင်မြို့၌ဖွင့်လှစ်

မတ် ၁၇ (ညောင်လေးပင်)
================

7ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ကြားတောရ(၁)လမ်း အုတ်ဖိုတောရကျောင်းရှေ့တွင် မတ်လ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းဆေးရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းရင်းဆေးရုံများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံတိုင်းရင်းဆေးဆရာတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ပြည်သူများ၏ကျန်းမာရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြုစုစောင့်ရှောက်မှု အစဉ်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၅၄)သန်းဖြင့် အလျား(၁၂၄)ပေ၊ အနံ(၆၄)ပေ RCတစ်ထပ် အဆောက်အဦအဖြစ် ဆောက်လုပ်ဖွင့်လှစ်ခြင်းဖြစ်သည့်အပြင် ၎င်းဆေးရုံဝန်းအတွင်း၌ (၄)ခန်းတွဲ(၄)ဝန်ထမ်းအိမ်ယာကိုလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၃၀၀၀)ကျော်ဖြင့် ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ညောင်လေးပင်မြို့(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် (၈) နာရီ မှ ညနေ (၄:၃၀)နာရီအထိ ပြင်ပလူနာဌာနဖွင့်လှစ်၍ အထွေထွေရောဂါများ အခမဲ့ကုသပေးလျက်ရှိ ကြောင်းနှင့် ဆေးရုံသစ်ကြီး ဖွင့်လှစ်ပေးခြင်းကြောင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု(၆၁)အုပ်စုမှ ပြည်သူ(၂)သိန်းကျော်နှင့် ဆက်စပ်မြို့နယ်များမှပြည်သူများ၊ ဆေးရုံတက် ကုသရန်လိုအပ်သော လူနာများအား အတွင်းလူနာအဖြစ် (၂၄) နာရီကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။