Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ပေါင်းတည်မြို့၌ဖွင့်လှစ်

(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ပေါင်းတည်မြို့၌ဖွင့်လှစ်

မတ် ၂၁ (ပေါင်းတည်)
================

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ အုတ်ဖို(၁)ရပ်ကွက်၊ ရှမ်းစုလမ်းတွင် မတ်လ(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင်၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးမှူးဦးစိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် မြို့မိမြို့ဖ ဦးမြတ်ထွန်း(ရွှေမန်း ပဲဆန်စပါးရောင်းဝယ်ရေး)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းဆေးရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းရင်းဆေးရုံများဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုအားကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် တိုင်းရင်းဆေးရုံ(၆)ရုံ၊ ခရိုင်အဆင့် တိုင်းရင်းဆေးကုဌာန(၄)ဌာန၊ မြို့နယ်အဆင့် တိုင်းရင်းဆေးကုဌာန(၂၂)ဌာနတို့ဖွင့်လှစ်ထားရှိပြီး အတွင်းလူနာပေါင်း(၆၉၅)ဦး၊ ပြင်ပလူနာပေါင်း(၅၇၄၄၇)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ပြည်သူများ၏ကျန်းမာရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြုစုစောင့်ရှောက်မှု အစဉ်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၅၁၅)သိန်းဖြင့် အလျား(၁၂၄)ပေ၊ အနံ(၆၄)ပေ RCတစ်ထပ် အဆောက်အဦအဖြစ် ဆောက်လုပ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။