Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဂျပန်ပညာရှင်များ လာရောက်တွေ့ဆုံ

ပဲခူးမြစ်ဝှမ်းဒေသ ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဂျပန်ပညာရှင်များ လာရောက်တွေ့ဆုံ

မတ် ၂၂ (ပဲခူး)
==================

မတ်လ (၂၂)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ပဲခူးမြစ်ဝှမ်းဒေ ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဂျပန်ပညာရှင်များ လာရောက်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဂျပန်တက္ကသိုလ် ပါမောက္ခ Dr. Kawasakiနှင့် Mr. Hayato NAKAMURA တို့က ပဲခူးမြို့အား ဖြတ်သန်းလျက် ရန်ကုန်-မန္တလေးမီးရထားလမ်းအား ဂျပန်နိုင်ငံ JICA ဖြင့် အဆင့်မြှင့်တင်လျက်ရှိခြင်း၊ သီလဝါ-ရန်ကုန်-ပဲခူး စီးပွားစင်္ကြန်လမ်းကွန်ယက်များ ဖောက်လုပ်ရန် ကိုရီးယားနိုင်ငံ KOICAမှ စီစဉ်လျက်ရှိခြင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေခြင်းတို့ကြောင့် ပဲခူးဒေသသည် စီးပွားရေးဗဟိုချက်မကြီးတစ်ခု ဖြစ်လာနိုင်ပါကြောင်း၊ ဒါကြောင့် မိမိတို့အဖွဲ့မှ ပဲခူးမြစ်ဝှမ်းဒေ ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအား ၂၀၁၂ ခုနှစ်ကတည်းက ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းလေ့လော၍ အချက်အလက်များ သုတေသနပြုလျက်ရှိပါကြောင်း၊ ပဲခူးဒေသ ရေကြီးခြင်းသည် ပဲခူးမြစ်၊ ပင်လယ်ဒီရေသက်ရောက်မှု၊ မိုးရေချိန်များလွန်းခြင်း ရေထွက်ပေါက်မရှိခြင်းတို့ကြောင့်ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြှုပ်မှုကြောင့် ပြည်သူများလည်း လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးခြင်းများ ခံစားရပါကြောင်း၊ ဒီအခြေအနေများအား ကျော်လွန်ဖြတ်သန်းနိုင်ရေး ပဲခူးမြစ်ဖျားမှ ပင်လယ်ဝအထိ မိုးရေချိန်စခန်းများ၊ မြစ်ရေပြင်စောင့်ကြည့်ရေးစခန်းနှင့် ပင်လယ်ဒီရေတက်မှုအခြေအနေ စောင့်ကြည့်ရေးစခန်းငယ်များ တည်ဆောက်ထားပြီးဖြစ်၍ ပဲခူးဒေသ ရေကြီးနစ်မြှုပ်မှုသဘာဝဘေးအန္တရာယ် လျော့ပါးနိုင်စေရေး အထောက်အပံ့ပြုပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် လာမည့်ဇူလိုင်လတွင် မိမိတို့စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမည်ဖြစ်၍ Computer ၊ Mobile Phoneများမှတစ်ဆင့် ရေကြီးမှုအခြေအနေများအား တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်း၊ ထောက်ပံ့ကူညီကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အလိုက် ကော်မတီများဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဂျပန်ပညာရှင်များအဖွဲ့မှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သုတေသနပြုချက်များသည် ပဲခူးဒေသရေကြီးနစ်မြှုပ်မှုဒဏ် လျော့ပါးစေရေးအတွက် များစွာအထောက်အကူရရှိနိုင်မည်ဖြစ်ပြီး၊ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စနစ်များ ပါဝင်သဖြင့် သဘာဝဘေးစီမံခန့်ခွဲခြင်း၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအတွက် အလွန်အသုံးဝင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ သုတေသနပြုချက်များအပေါ် အခြေခံ၍ မြို့ပြစီမံကိန်းများရေးဆွဲရာတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုလို ပဲခူးမြစ်ဝှမ်းဒေ ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး သုတေသနပြုချက်များအား ရှင်းလင်းတင်ပြပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဂျပန်တက္ကသိုလ် ပါမောက္ခ Dr. Kawasakiနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။