Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရေအရည်အသွေးနှင့် ငါးရောဂါရှာဖွေခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

ရေအရည်အသွေးနှင့် ငါးရောဂါရှာဖွေခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

ဧပြီ ၈ (ပဲခူး)
==============

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမတွင် ဧပြီလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ရေအရည်အသွေးနှင့် ငါးရောဂါရှာဖွေခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ရေအရည်အသွေးနှင့် ငါးရောဂါရှာဖွေခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူထုတ်လုပ်မှုများ နည်းစနစ်မှန်မှန်ဖြင့် ထုတ်လုပ်နိုင်ရန်၊ ရေအရည်အသွေး ငါးရောဂါထိန်းချုပ်ကာကွယ်မှုနှင့် သက်ရှိအစားအစာဘာသာရပ်များ၊ GAqP ကောင်းမွန်သော မွေးမြူ ရေးကျင်းစဉ်များကို သိရှိနားလည်စေရန်ရည်ရွယ်၍ ဧပြီလ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သူ(၃၅)ဦး တက်ရောက်ကြောင်း သိရသည်။
“ပဲခူးတိုင်းဒေသကြီးသည် ဆန်စပါးအမြောက်အများထွက်ရှိသည့်အတွက် မြန်မာနိုင်ငွ၏ဒုတိယစပါးကျီဟု တင်စားခေါ်ဝေါ်သည့်အပြင် မြစ်ချောင်းအင်းအိုင်များပေါများသဖြင့် ရေထွက်ကုန်ပစ္စည်းဖြစ်သည့် ငါးများလည်းအမြောက်အများ ထွက်ရှိသောကြောင့် မြန်မာနိုင်ငံ၏ ဒုတိယဟင်းအိုးကြီးလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူအများစုသည် ရေလုပ်ငန်းဖြင့် အသက်ဝမ်းကြောင်းနေကြပြီး တိုင်းဒေသကြီးတွင် ဂရန်အင်းပေါင်း(၆၉၇)အင်း၊ ငါးမွေးမြူရေးကန် (၃၁၁၇၁.၆၃၄)ဧကရှိကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ပြောကြားသည်”။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဒုတိုင်း၊ ခရိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးများ၊ စခန်းတာဝန်ခံများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။