Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာ လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာ လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

ဧပြီ ၈ (တောင်ငူ)
==============================

ဧပြီလ (၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသခံပြည်သူလူထုနှင့် လာရောက်တွေ့ဆုံရခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်နှင့်အညီ လက်ရှိမြေပြင်တွင် ဒေသခံပြည်များ၏ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များ၊ ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံရာတွင် အဆင်မပြေမှုများ၊ မြေယာအငြင်းပွားမှုများ စသည့် ပြည်သူတို့၏ လိုလားမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်၊ နိုင်ငံတော်အစိုးရမှ လျှောက်လှမ်းနေသည့် ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရား ပီပြင်စွာဖြစ်ပေါ်လာနိုင်ရေး၊ NCA ကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ မြို့ပြ/ကျေးလက် လူမှုစီးပွားဘဝများ တန်းတူဖွံ့ဖြိုးတိုးတက်လာနိုင်ရေး ဆောင်ရွက်နေမှုများအား သိရှိစေရန်၊ အေးချမ်းတည်ငြိမ်သော လူအဖွဲ့အစည်းတစ်ခု တည်ဆောက်ရန်အတွက် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး၏ ပင်မရေသောက်မြစ်သည် ယုံကြည်မှုပင်ဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့သည် အေးချမ်းသော ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ခုအဖြစ် တည်ဆောက်ရာတွင် မတူကွဲပြားမှုများကို လက်ခံပြီး အတွဲယှဉ်တွဲနေထိုင်ကြခြင်းဖြင့် ယုံကြည်မှုများရရှိလာနိုင်မည်ဖြစ်ကြောင်း၊ မိမိလူမျိုး၊ မိမိအသင်းအဖွဲ့၊ မိမိဘာသာ စသည့်အတ္တစွဲဖြင့် ဆောင်ရွက်နေမည်ဆိုပါက ရေရှည်တည်ငြိမ်အေးချမ်းရန် မဖြစ်နိုင်ကြောင်း၊ အတ္တနှင့်ပရ မျှတစွာဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးများ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ သိမ်းဆည်းမြေယာကိစ္စ၊ စစ်တောင်းမြစ်ကမ်းပြိုကာကွယ်ရေးနှင့် စစ်တောင်းမြစ်ကူးတံတား(၁)စင်း တည်ဆောက်ပေးနိုင်ရေး၊ ကျေးလက်ဆေးပေးခန်း တည်ဆောက်ပေးရန်၊ နိုင်ငံသားမှတ်ပုံတင်ကတ် ပြုလုပ်ရာတွင် လူမျိုးဘာသာ အမည်မှန်များ ပြင်ဆင်ပြောင်းလဲပေးရန်၊ နှစ်ရှည်လုပ်ကိုင်ခဲ့သည့် မြေယာများအား မြေယာပိုင်ဆိုင်မှုထုတ်ပေးနိုင်ရေး တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဒိုးသောင်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။