Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၁၉) ကြိမ်မြောက်အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၁၉) ကြိမ်မြောက်အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

နေပြည်တော် ဧပြီ ၉

==========================

ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင်(၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် များက ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပေး ရန်နှင့် ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းကို အတည်ပြုထောက်ခံပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ နိုင်ရေးကို ဆွေးနွေးဆုံးဖြတ်ကြရန် ဖြစ်ပါကြောင်း။

ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ အသုံးစရိတ်တစ်ခုအတွက် မူလခွင့်ပြုငွေဖြင့် လုံလောက်မှု မရှိခြင်း၊ မူလခွင့်ပြုငွေ ဘောင်အတွင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲရန်လည်း မလုံလောက်ခြင်းတို့ကြောင့် အသားတင်လိုအပ်သည့် ငွေရပ်ကိုသာ တောင်းခံရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရာတွင် မူလခွင့်ပြုငွေတွင် ပါဝင် သည့် ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ မူလခွင့်ပြုချက် ရရှိပြီးသည့် လုပ်ငန်း များနှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများအတွက် အသားတင် လိုအပ် သည့် ငွေရပ်ကိုသာ အဓိကထား တောင်းခံရမည်ဖြစ်ပါကြောင်း၊ ယင်းငွေများကို သုံးစွဲ ခြင်းမပြုဘဲ ပြန်လည်အပ်နှံပါကလည်း ဌာန၊ အဖွဲ့အစည်းများအတွက် ကြီးလေးသည့် ချို့ယွင်းချက် ဖြစ်သည့်အတွက် မဖြစ်မနေ သုံးစွဲရန်လိုအပ်သည့် အသုံးစရိတ်များကို သာ တောင်းခံကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် ဌာန၊ အဖွဲ့အစည်းများက ထပ်မံတောင်းခံထားသည့် ငွေရပ်များသည် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေဖြင့် အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲနိုင်မည် ဖြစ်သည့်အတွက် ဖြည့်စွက်ခွင့်ပြုငွေ ရရှိသည့်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် အခြေအနေပေါ်မူတည်ပြီး တင်ပြတောင်းခံကြရန် ဖြစ်ပါကြောင်း။

နိုင်ငံတော်အတွင်း ထုတ်လုပ်မှု၊ စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများ တိုးတက်လာမှသာ နိုင်ငံတော်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (ဂျီဒီပီ) တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) တိုးတက် မှုနှုန်းကို ၇ ဒသမ ၆ ရာခိုင်နှုန်း ရရှိစေရန် မျှော်မှန်းထားပါကြောင်း၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်သုံးစွဲမှုများသည် ပြည်တွင်းစီးပွားရေးအပေါ် ရိုက်ခတ်မှု ရှိပါကြောင်း။

နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ) တိုးတက်ရေးအတွက် နိုင်ငံတော်၏ အသုံးစရိတ်များသည် အဓိက မောင်းနှင်အား ဖြစ်ပါကြောင်း၊ ဌာနအဖွဲ့အစည်းများအနေဖြင့် ဟန်ပြဖြစ်စေမည့် လုပ်ငန်းများအတွက် သုံးစွဲခြင်းမျိုး မဖြစ်စေဘဲ ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိစေမည့် လုပ်ငန်းများ အတွက်သာ သုံးစွဲခြင်းမျိုး ဖြစ်စေလိုပါကြောင်း။

ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးစွာစိစစ်ခဲ့ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ က ထပ်ဆင့်စိစစ်ထားပြီး ဖြစ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုစာရင်းများကိုလည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က စိစစ်ထားပြီး ဖြစ်ပါကြောင်း။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ အဓိက အားဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ကွာခြားမှုကြောင့် လိုငွေ၊ မြေယာလျော်ကြေး၊ ဝန်ထမ်းများ အတွက် ထပ်မံလိုအပ်သည့် လစာငွေ၊ ခရီးစရိတ်၊ နိုင်ငံတော်သို့ ပေးဆောင်ရန် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေအတွက် အသုံးစရိတ်များ တောင်းခံ ကြသည်ကို တွေ့ရပါကြောင်း။

နိုင်ငံခြားငွေလဲလှယ်နှုန်း ကွာခြားချက်အပေါ် တောင်းခံရခြင်းမှာ ပြည်ပမှ ပစ္စည်း များဝယ်ယူခြင်း၊ နိုင်ငံခြားငွေဖြင့် ပေးချေရသည့် အရင်းအတိုး ပေးဆပ်ခြင်း အသုံးစရိတ် တို့အတွက် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲမှုများကို ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်ကြရန်၊ နိုင်ငံခြားငွေနှင့် ရရှိသည့် ဝင်ငွေများ လျော့နည်းလာခြင်းကြောင့် တတ်နိုင်သမျှ နိုင်ငံခြားသုံးငွေနှင့် သုံးစွဲမည့် အစား ပြည်တွင်း ကျပ်ငွေဖြင့်သာ သုံးစွဲကြရန်၊ နိုင်ငံခြားငွေပိုမိုရရှိလာရေး ကြိုးပမ်း ဆောင်ရွက်ကြရန် လိုပါကြောင်း။

ရငွေပေါ်မူတည်ပြီး အသုံးစရိတ်များကို ခွဲဝေချထားပေးရသည့်အတွက် ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုများကို စိစစ်ရာတွင် လိုငွေပမာဏ မများစေရန် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို တိုက်ရိုက် အကျိုးပြုနိုင်မည့် အသုံးစရိတ် များကိုသာ စိစစ်ခွင့်ပြုပေးခြင်း ဖြစ်ပါကြောင်း။

ထို့ပြင် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် ခွဲဝေချထားပေးသည့် အသုံးစရိတ်များသည့် အမှန်တကယ် သုံးစွဲသည့် အသုံးစရိတ်များနှင့် နှိုင်းယှဉ်ပါက များစွာကွာခြားနေပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ရည်မှန်းချက် နှင့်အညီ အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည်ကို ဖော်ပြနေခြင်းပင် ဖြစ်ပါကြောင်း။

ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ဌာန၊ အဖွဲ့အစည်းများ အားလုံးအနေဖြင့် ရငွေကို တတ်နိုင်သမျှ လျာထားချက်ပြည့်မီ ကျော်လွန်အောင် ရှာဖွေကြရမည်ဖြစ်ပြီး အသုံးစရိတ်များကို သုံးစွဲရာတွင်လည်း လိုအပ်သည့်နေရာတွင်သာ ဘဏ္ဍာရေး စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း စနစ်တကျ ထိထိရောက်ရောက် အလေအလွင့်မရှိ သုံးစွဲနိုင်ရေး ကို အလေးထား ကြပ်မတ်ဆောင်ရွက်ရန် အထူးမှာကြားလိုပါကြောင်း။

နိုဂုံးချုပ်အနေဖြင့် ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရှင်းလင်းတင်ပြမည့် ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုနှင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ထပ်မံထောက်ပံ့ရမည့် ထောက်ပံ့ငွေ၊ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ အပေါ် ဝိုင်းဝန်းဆွေးနွေးပြီး အတည်ပြုပေးနိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများမှာ သာမန်အသုံးစရိတ် ငွေကျပ် ၉၇၁ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ၄၆၇ ဘီလီယံ၊ ကြွေးမြီအသုံးစရိတ် ငွေကျပ် ၂၁၁ ဘီလီယံ၊ လုပ်ငန်းသုံးရင်းနှီးငွေကျပ် ၇၀၉ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ဌာန၊ အဖွဲ့အစည်းများ၏ ထပ်မံတိုးမြှင့်သုံးစွဲငွေ ကျပ် ၂၇၇ ဘီလီယံ စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု ငွေကျပ် ၂၆၃၅ ဘီလီယံ ဖြစ်ပါကြောင်း။

၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု အခြေအနေ သည် မူလခန့်မှန်းခြေ၏ ၁၀ ဒသမ ၆၆ ရာခိုင်နှုန်းခန့် ရှိခဲ့ပါကြောင်း၊ တောင်းခံမှုတွင် ခွင့်ပြုခဲ့ရသည့် အကြောင်းအရာ အများဆုံးမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွင် မူလ လျာထား ပေးခဲ့သည့် ပမာဏထက် တိုးမြင့်ခဲ့ခြင်းကြောင့် တိုးမြင့်လာသည့် ငွေလဲလှယ်နှုန်း ကွာခြားချက် လိုငွေများကို ခွင့်ပြုခဲ့ခြင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီ (၁) ရက်မတိုင်မီ အငြိမ်းစားလစာ ခံစားလျက်ရှိသည့် ပင်စင်စားများ၏ ပင်စင်ခံစားခွင့်ကို လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့်ပင်စင်အကျိုး ခံစားခွင့်အတိုင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီမှစတင်၍ ခံစားခွင့်ပြုခဲ့သဖြင့် တိုးမြင့်ပင်စင် နှုန်းထားများအတွက် (၉)လစာ လိုငွေကို ခွင့်ပြုခဲ့ခြင်း။

နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် အထူးကိစ္စရပ်များနှင့် ရခိုင်ပြည်နယ် အရေးကိစ္စရပ်များအပေါ်တွင် ထပ်မံလိုငွေများ ခွင့်ပြုပေးခြင်း၊ မဖြစ်မနေပေးချေရမည့် လစာစရိတ်၊ ချီးမြှင့်ငွေ၊ ခရီးစရိတ်၊ အတိုးပေးငွေများကို ခွင့်ပြုပေးခဲ့ခြင်းတို့အပြင် နိုင်ငံတော်၏ မူဝါဒအရ စီမံကိန်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံကိန်းနယ်မြေ အတွင်း ပါဝင်နေသည့် မြေယာနှင့်သီးနှံလျော်ကြေးများကို ခွင့်ပြုပေးခဲ့ခြင်းနှင့် လက်ရှိဘဏ္ဍာရေးနှစ် အတွင်း အပြီးသတ်ပေးချေရမည့် လုပ်ငန်းများအတွက် လိုငွေတို့ကို ဦးစားပေး ခွင့်ပြု ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

ထို့ပြင် ပိုလျှံငွေများစွာ ပြန်လည်အပ်နှံမှု မရှိစေရေး၊ ဘတ်ဂျက်ခန့်မှန်းမှုအား ကောင်းလာစေရေးတို့အတွက် မူလခန့်မှန်းခြေစာရင်းအပေါ်တွင် အမှန်သုံးစွဲနိုင်မည့် ပမာဏသာ ခွင့်ပြုပေးခဲ့သည့်အတွက် ဌာန၊ အဖွဲ့အစည်းများက တောင်းခံလာသည့် ဖြည့်စွက်ခွင့်ပြုငွေကျပ် ၃၂၆၃ ဘီလီယံအပေါ်တွင် ခွင့်ပြုခဲ့သည့်ငွေမှာ ငွေကျပ်၂၆၃၅ ဘီလီယံ ဖြစ်ပါကြောင်း။

ထို့ကြောင့် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၈-၂၀၁၉၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေစာရင်းအရ အသုံးစရိတ် ငွေကျပ် ၂၄၇၂၄ ဘီလီယံ ဖြစ်ပြီး ယခုခွင့်ပြုမည့် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်၂၆၃၅ ဘီလီယံတွင် တိုင်းဒေသကြီး/ ပြည်နယ် များသို့ လိုငွေအတွက် ထပ်မံထောက်ပံ့ငွေကျပ် ၃၉ ဘီလီယံပါဝင်ကာ ပြုပြင်ပြီး ခန့်မှန်းခြေ အသုံးစရိတ်မှာ ငွေကျပ်၂၇၁၈၈ဘီလီယံ ဖြစ်ပါကြောင်း၊ ရငွေပိုင်းတွင် မူလခန့်မှန်းခြေ စာရင်းအရ ရငွေကျပ် ၁၉၉၄၆ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေရငွေမှာ ငွေကျပ်၂၁၈၆၈ ဘီလီယံ ဖြစ်ပါကြောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေရေးဆွဲချိန်တွင် ဂျီဒီပီတန်ဖိုးမှာ ငွေကျပ် ၁၀၅၇၂၆ ဘီလီယံနှင့် အသားတင်လိုငွေမှာ ငွေကျပ် ၅၃၂၀ ဘီလီယံဖြစ်သဖြင့် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၅ ဒသမ ၀၃ ရာခိုင်နှုန်း ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် “ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု”များအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စိစစ်ပြီး နောက် ပြည်ထောင်စုက ထပ်မံထောက်ပံ့ရမည့် ထောက်ပံ့ငွေများကို တင်ပြမည်ဖြစ်ပါကြောင်း။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြလာသော ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ၎င်းတို့၏ရငွေရရှိမှု၊ အခွန်ဝေစုရရှိမှု၊ မူလ ခန့်မှန်း ခြေ လျာထားချက် စသည်များအပေါ်အခြေခံ၍ သာမန်အသုံးစရိတ်တွင် ခရီးသွားလာစရိတ်၊ ပစ္စည်းများဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်၊ စက်သုံးဆီဈေးနှုန်း တိုးမြင့်လာခြင်းကြောင့် ထပ်မံတောင်းခံခြင်းများ၊ မော်တော်ယာဉ်ပြင်ဆင် ထိန်းသိမ်းစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်ထားသော ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံရာတွင် လိုက်နာရမည့် အချက်များနှင့်အညီ စိစစ်လျှော့ချခြင်း၊ ငွေလုံး ငွေရင်း အသုံးစရိတ်တွင် ရုံးသုံးစက်ကိရိယာ၊ ရုံးသုံးပရိဘောဂ၊ မော်တော်ယာဉ် ဝယ်ယူခြင်း၊ ဝန်ထမ်းအိမ်ရာအသစ်၊ ရုံးအဆောက်အအုံ အသစ်ဆောက်လုပ်ခြင်း စသည် များအား စိစစ်လျှော့ချခြင်း။

ရန်ပုံငွေလွှဲပြောင်း သုံးစွဲ၍ရနိုင်သည့် ကိစ္စရပ်များအတွက် တောင်းခံလာခြင်းများနှင့် မူလခန့်မှန်းခြေ ငွေစာရင်းရေးဆွဲသည့်အချိန်မှသာ ထည့်သွင်းတောင်းခံသင့်သည့် ကိစ္စရပ် များကို စိစစ်လျှော့ချခြင်း၊ မူလခန့်မှန်းခြေပါ အသုံးစရိတ်ကို လုံးဝ သုံးစွဲခြင်း မပြုရသေးဘဲ ထပ်မံတောင်းခံလာခြင်းများကို ဆောင်ရွက်သည့် လုပ်ငန်းအခြေအနေပေါ် မူတည်၍ အသင့်အတင့်လျှော့ချခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမှု နည်းပါးသည့် အသုံးစရိတ်များအား စိစစ်လျှော့ချခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

စိစစ်မှုများအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ် များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု ငွေကျပ် ၂၂၄ ဒသမ ၆၉၇ ဘီလီယံ၊ စိစစ် လျှော့ချမှု ငွေကျပ် ၁၀၃ ဒသမ ၅၉၇ ဘီလီယံ၊ ဖြည့်စွက်ခွင့်ပြုငွေ ခွင့်ပြုမှု ငွေကျပ် ၁၂၁ ဒသမ ၁၀၀ ဘီလီယံဖြစ်ပြီး အဆိုပါ ဖြည့်စွက်ခွင့်ပြုငွေကို ခွင့်ပြုပါက ဖြစ်ပေါ်လာမည့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မူလ ခန့်မှန်းခြေမှာ ငွေကျပ် ၁၇၉၃ ဒသမ ၆၄၅ ဘီလီယံ၊ ပြုပြင်ပြီး ခန့်မှန်းခြေမှာ ငွေကျပ် ၁၈၃၂ ဒသမ ၆၄၀ ဘီလီယံဖြစ်သည့် အတွက် ပြည်ထောင်စုက ထောက်ပံ့ရသည့် ငွေမှာ ငွေကျပ် ၃၈ ဒသမ ၉၉၅ ဘီလီယံ ဖြစ်ပါကြောင်း။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုများအပေါ် စိစစ်ခွင့်ပြုထားသော ဖြည့်စွက်ခွင့်ပြုငွေကျပ် ၁၂၁ ဒသမ ၁၀၀ ဘီလီယံနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ ပြည်ထောင်စုက ထပ်မံ ထောက်ပံ့ ပေးရမည့် ငွေကျပ် ၃၈ ဒသမ ၉၉၅ ဘီလီယံ တို့ကို ဘဏ္ဍာရေး ကော်မရှင်ကသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြော ကြားသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြပြီး ဘဏ္ဍာရေး ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များက အဆိုပါဥပဒေကြမ်းကို ထောက်ခံဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များကို ပြောလိုသည်မှာ မိမိတို့ထပ်မံ ခွဲဝေ ရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲကြရာတွင် ချမှတ်ထားသည့် ဥပဒေ၊ နည်း ဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျ မှန်ကန်စွာ သုံးစွဲရန်၊ ဘဏ္ဍာငွေသုံးစွဲသည့် ကိစ္စရပ်တိုင်းတွင် ဌာနတွင်းစာရင်းစစ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ စစ်ဆေးမှုများကို စနစ်တကျ ခံယူနိုင်ကြရန် လိုအပ် ပါကြောင်း။

တည်ဆောက်ရေးလုပ်ငန်းများ၊ ဝယ်ယူရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း လုပ်ငန်းစဉ်များကို ဘဏ္ဍာရေးနှစ်အတွင်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တင်ဒါခေါ်ယူနိုင်ခြင်း မရှိ၍ဖြစ်စေ၊ တင်ဒါခေါ်ယူသည့်အချိန် ကြန့်ကြာနေခြင်းကြောင့် ဖြစ်စေ လုပ်ငန်းအတွက် သုံးစွဲနိုင်ခြင်းမရှိသည့်အခါ ပိုလျှံငွေ ဖြစ်ပေါ်လာမည် ဖြစ်ပါ ကြောင်း၊ ထို့ပြင် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် အသုံးစရိတ်များအတွက် ခွင့်ပြုချက် ရရှိပြီး သုံးစွဲနိုင်မည့် ကာလသည် (၃) လ၊ (၄) လခန့်သာ ရှိသည့်အတွက် ဘဏ္ဍာရေး နှစ်အတွင်း လုပ်ငန်းပြီးပြတ်အောင် မလုပ်ဆောင်နိုင်သော်လည်း လုပ်နိုင်မည်ဟု ယူဆပြီး လုပ်ငန်းများအတွက် ထပ်မံတောင်းခံပါကလည်း ပိုလျှံငွေ ဖြစ်ပေါ်ဦးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရရှိထားသည့် ခွင့်ပြုငွေကို မသုံးစွဲနိုင်ပါက နိုင်ငံနှင့်ပြည်သူအတွက် အကျိုးမရှိ သကဲ့သို့ ဌာနအဖွဲ့အစည်းများကိုလည်း စွမ်းဆောင်နိုင်စွမ်းမရှိဘူးဟု ထင်မြင်ခြင်း ခံရမည် ဖြစ်ပါကြောင်း။

ပြီးခဲ့သည့်နှစ်က နှစ်သစ်ကူး အမှာစကားပြောကြားရာတွင်လည်း တင်သွင်း တောင်းဆိုထားသည့် ဘတ်ဂျက်များကို အချိန်မီ အမှန်တကယ် သုံးစွဲခြင်းမပြုဘဲထား သည့် လုပ်နည်းလုပ်ဟန်ကို ပြောင်းလဲကြရန်၊ စီမံကိန်းကုန်ကျစရိတ်ကို အနီးစပ်ဆုံး တိကျ မှန်ကန်စွာ ခန့်မှန်းတွက်ချက်တင်ပြနိုင်ရန်၊ ဒေသ၏ ကာလပေါက်ဈေးနှင့်အညီ တွက်ချက် နိုင်ရန်၊ ဘတ်ဂျက်ပမာဏကြီးကြီးစိုက်ထုတ်သုံးစွဲရမည့်စီမံကိန်းကြီးများကို ထိထိရောက်ရောက် စိစစ်နိုင်သည့် အရည်အချင်းများကို စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး နယ်ပယ် တွင် အမြန်ဆုံး မြှင့်တင်ပေးနိုင်ရန်နှင့် တင်ဒါလုပ်ထုံး လုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါ ခေါ်ယူမှုများ၊ တင်ဒါစည်းမျဉ်းအတွင်း လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပြောကြားခဲ့ ပြီးဖြစ်ပါကြောင်း၊ ယင်းကို ဂရုတစိုက် လိုက်နာကြရန် ထပ်မံပြောကြားလိုပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် လိုငွေပမာဏ များပြားလာခြင်းကို ထိန်းထား နိုင်ရေး၊ မူလခန့်မှန်းခြေငွေစာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတို့၏ လိုငွေနှင့် ဂျီဒီပီ အချိုးကိုနှိုင်းယှဉ်ပါက များစွာကွာဟမှုမရှိစေရေးတို့ကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မူလခန့်မှန်းခြေငွေစာရင်းတွင် တစ်နှစ်စာ ခွဲဝေချထားပေးပြီး ဖြစ်သည့်အတွက် မိမိတို့ရရှိသည့် အသုံးစရိတ်ခွင့်ပြုငွေအတွင်း ဝင်ဆံ့အောင် အစကတည်းက သေချာရန်နှင့် စိစိစစ်စစ် သုံးစွဲနိုင်ရေးကို အားထုတ်ကြိုးပမ်းကြရန် အထူးလိုအပ်ပါကြောင်း၊ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံရန် မလိုအပ်လေ ကောင်းလေဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဘဏ္ဍာရေးကော်မရှင်က ထောက်ခံတင်ပြခဲ့သည့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိထိရောက်အောင် စနစ်တကျ စီမံခန့်ခွဲသုံးစွဲကြရန် လိုအပ်ကြောင်း ပြောကြားသည်။