Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် (၇၁)နှစ်မြောက် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးမြို့တွင် (၇၁)နှစ်မြောက် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဧပြီ ၁၀ (ပဲခူး)
==============

ပဲခူးမြို့ သီရိဟံသာခန်းမ၌ ဧပြီလ(၁၀)ရက်နေ့ နံနက်(၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၉ခုနှစ်ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးရာမှာ ဒေသတွင်း၌ မည်သည့်အရပ်ဒေသတွင် နေထိုင်သည်ဖြစ်စေ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အားဖြည့်ဆောင်ရွက်ရမှာဖြစ်ပြီး မည်သူမျှနောက်ကျမကျန်ရစ်အောင် ကြိုးစားကြဖို့လိုကြောင်း၊ စတင်ဆောင်ရွက်စဉ်မှာ ခက်ခဲတဲ့စိန်ခေါ်မှုများရှိမည်ဖြစ်သော်လည်း ဦးစားပေးလုပ်ငန်းများချမှတ်ကာ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဆိုပါက တိုးတက်လာမှာဖြစ်ကြောင်း၊ ပဏာမကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများသည် ဟန်ချက်ညီဖို့လိုကြောင်း၊ အပြန်အလှန်ပံ့ပိုးမှုများ တွန်းအားပေးမှုများရှိဖို့လိုကြောင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုတိုးတက်လာပါက ဆေးရုံတွေမှာ လူနာအမြောက်အများ စုပြုံနေခြင်းကို ကျဆင်းစေမှာဖြစ်ကြောင်း၊ ပြည်သူလူထုအကျိုးကို ရှေးရှုဖို့ဆ်ုသည့် ခိုင်မာသောသံန္နိဌာန်ချမှတ်ထားပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ မလွဲမသွေရရှိမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောပြီး လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်သော မြို့နယ်/တိုက်နယ်ဆေးရုံများအား ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအေးငြိမ်းက ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်း ကုသရေးလုပ်ငန်းစွမ်းဆောင်ရည်ကောင်မွန်သော မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများ ပြည်သူ့ကျန်းမာရေးလုပ်ငန်း စွမ်းဆောင်ရည်ကောင်းမွန်သော မြို့နယ်များအား ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် ဝန်ကြီးတို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ပြသထားသောပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအား ၁၉၄၈ခုနှစ်ဧပြီလ(၇)ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အဆိုပါနေ့ကို ကမ္ဘာ့ကျန်မာရေးနေ့အဖြစ်သတ်မှတ်ကာ နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ ဂုဏ်ပြုကျင်းပခဲ့သည်။ ယခုနှစ်ကမ္ဘာ့ကျန်းမာရေးနေ့အတွက် ဆောင်ပုဒ်သည် “Universal Health Coverage: Everyone, Everywhere” အရည်အသွေးပြည့်ကျန်းမာရေး၊ လူတိုင်းရအောင်ဆောင်ရွက်ပေး ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊ ပဲခူးမြို့သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။