Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧပြီ ၁၀ (ပဲခူး)
===============

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမတွင် ဧပြီလ(၁၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်းအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီ ဥက္ကဌ ဦးမျိုးခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေး ဓါတ်ခွဲခန်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် စိုက်ပျိုးရေး၊ ပဲခူးတိုင်းဒေသကြီးလွှတ်ဥက္ကဌ ဦးခင်မောင်ရင်က အမှာစကားပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယခုဖွင့်လှစ်သည့် ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်းသည် ရေချိုငါးများစဉ်ဆက်မပြတ် စားသုံးသူများပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်သည့် ရေထွက်ကုန်ပစ္စည်းများသည်လည်း စားသုံးသူများဘေးဥပါဒ်မဖြစ်စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်၍သန့်ရှင်းသော ရေထွက်ကုန်ပစ္စည်းများဖြစ်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် သုတေသနလုပ်ငန်း၊ စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာသင်တန်း၊ အခြားသော လိုအပ်သည့်နည်းပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်သော ပဲခူးတိုင်းဒေသကြီး၏ ပင်မအရင်းအမြစ်တစ်ခုဖြစ်လာမှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ပြောသည်။
ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမသည် အလျား(၈၀)ပေ၊ အနံ(၃၅)ပေ၊ အမြင့်(၂၃)ပေရှိ RCနှစ်ထပ်အဆောက်အဦဖြစ်ပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေကျပ် (၁၃၇၁၆၅၀၀ဝိ/)ဖြင့်လည်းကောင်း၊ ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်းသည် အလျား(၆၀)ပေ၊ အနံ(၂၅)ပေ၊ အမြင့်(၁၂)ပေရှိ RCတစ်ထပ်အဆောက်အဦဖြစ်ပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေကျပ် (၃၅၆၂၀၀၀ဝိ/)ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။