Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မင်းလှမြို့ ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး ပန္နက်တင်မင်္ဂလာအခမ်းအနား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတတ်ရောက်

မင်းလှမြို့ ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး ပန္နက်တင်မင်္ဂလာအခမ်းအနား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတတ်ရောက်

မင်းလှ ဧပြီ ၁၂

====================

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၁၂ ရက်နေ့၊ နံနက် (၉)နာရီက အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံနောက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး၊ နတ်ဒေဝါများအား တရားတော်နာယူရန်ဖိတ်ကြားခြင်း၊ ဆရာတော်ကြီးများထံ ပရိတ်ရေ၊ ပရိတ်ဆန်၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပန္နက်တိုင်များ ဆပ်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်းတရားတော်များ ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်သြဝါဒစရိယဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တကုဏ္ဏလ ဆရာတော်ဘုရားကြီးနှင့် ဦးစီးပဓာနဆရာတော်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က ပန္နက်တင်ကြရာ မင်္ဂလာဒုံဆရာတော် ဦးဆန္ဒောဘာသက အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပေးသည်။
ဆက်လက်၍ မင်းလှမြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူခြင်း၊ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သြဝါဒကထာနှင့် ရေစက်ချအနုမောဒနာတရား ခံယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များက အသီးသီးပေးအပ်ချီးမြှင့်ကြပြီးနောက် အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဗိမ္မာန်တော်ကြီးသည် (၃)ထပ်အဆောက်အဦးဖြစ်ပြီး၊ အမြင့် (၃၆)ပေ၊ အလျား (၁၂၀) ပေ ၊အနံ (၆၀)ပေ ကျယ်ဝန်းကာ အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း(၇၀၀၀)ဖြင့် beyond way ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။